ရခိုင် အများပိုင် ကုမ္ပဏီကို အစုရှယ်ယာဝင် ၅ဝ ဦးတို့၏ မတည်ငွေ သန်း ၅ဝဝ ဖြင့် စတင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အစုရှယ်ယာရှင် တဦးဖြစ်သူ ဦးသန်းမောင်က စက်တင်ဘာ ၂ ရက်နေ့ ရွှေတိဂုံ အရှေ့ဘက်မုဒ် အာဇာနည်ဗိမာန်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ကျင်းပသော ကုမ္ပဏီ ဖွဲ့စည်းရန်အတွက် ပမဏ အကြံပြု ဆွေးနွေးပွဲတွင် ပြောကြားသည်။
ရခိုင် အများပိုင်ကုမ္ပဏီကို ဖွဲ့စည်းရန် ယခုနှစ် အစောပိုင်းကပင် သတင်းစာများမှ တဆင့် နှိုးဆော်ခြင်းကြောင့် လူအများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့သော ဇွန်လ ပထမပတ်အတွင်း စတင်ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများကြောင့် ကုမ္ပဏီဖွဲ့စည်းရန် ဆွေးနွေးပွဲများကို ရွှေ့ဆိုင်းခဲ့ရပြီး၊ ယခုမှ စည်းစည်းလုံးလုံးဖြင့် ကုမ္ပဏီဖွဲ့စည်းရန် ပထမခြေလှမ်းကို စတင်ပြုလုပ်ခြင်းဖြစ်သည်ဟု ဦးသန်းမောင်က ဆိုသည်။
"ကုမ္ပဏီကို တရားဝင် မှတ်ပုံတင်ကုမ္ပဏီ အနေနဲ့ ယခုနှစ်အတွင်း အကောင်အထည်ဖော်နိုင်ဖို့ မှန်းထား ပေမယ့်နောက်နှစ်ကို ရောက်သွားနိုင်ပါတယ်၊ ဒီနေ့မှာ အစုရှယ်ယာရှင်တွေနဲ့အတူ လူထုကို ချပြတာပါ" ဟု ဦးသန်းမောင် ကပြောသည်။
"အစုရှယ်ယာရှင်သစ်များ ရရှိရန် အတွက်လည်း ကြိုးပမ်းသွားမှာပါ ဒီနေ့လို အကြံပြု ဆွေးနွေးပွဲတွေကို ရံဖန်ရံခါ ထပ်မံလုပ်သွားမှာပါ" ဟု ဦးသန်းမောင်က ဆိုသည်။ လက်ရှိ ကျင့်သုံးလျက်ရှိသော အများပိုင် ကုမ္ပဏီ လုပ်ထုံး လုပ်နည်းအရ အများပိုင် ကုမ္ပဏီတစ်ခုကို အနည်းဆုံး ဒါရိုက်တာ ရ ဦးဖြင့်ဖွဲ့စည်းရမည် ဖြစ်ပြီး၊ ကုမ္ပဏီလိုင်စင် သက်တမ်းကို ၃ နှစ်တကြိမ် သက်တမ်းတိုးရမည် ဆိုသော်လည်း ကုမ္ပဏီကို မြန်မာနိုင်ငံ တည်ရှိသရွေ့ ရေရှည် တည်တံ့အောင် ဖွဲ့စည်းသွားမည်ဟု အဆို ဆွေးနွေးပွဲတွင် ကုမ္ပဏီ အကျိုးဆောင် ဒေါ်ကြူကြူဝင်းက ပြောသည်။
"အခုလောလောဆယ် အစုရှယ်ယာရှင် တစ်ဦးကို မတည်ငွေ သိန်း ၁ဝဝ စီ ထည့်ဝင်ထားပါတယ်၊ အခု အကြမ်းဖျင်း အနေနဲ့ အစုရှယ်ယာဝင် ၅ဝ ဦးစလုံးကို ဒါရိုက်တာ အဖွဲ့ဝင်တွေအနေနဲ့ သတ်မှတ်ထားပါတယ်၊ နောက်ပိုင်းမှာ ရှယ်ယာရှင်တွေထဲကပဲ အုပ်ချုပ်မှု ဒါရိုက်တာ တယောက်ကို ပြန်ရွေးချယ်သွားမှာပါ" ဟု ဒေါ်ကြူကြူဝင်းက ဆိုသည်။
ရခိုင် အများပိုင် ကုမ္ပဏီ ဖွဲ့စည်းရခြင်း အဓိက ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် စီးပွားရေးနှင့် နယ်မြေဒေသ ဖွံ့ဖြိုး ရေး ဆောင်ရွက်ရန် ဦးတည်ထားပြီး၊ အများပိုင်ကုမ္ပဏီကို နိုင်ငံတော်မှ သတ်မှတ်ထားသောဥပဒေများ နှင့် အညီ အစုရှယ်ယာရှင်များ၏ ယုံကြည်မှုကို အခြေခံကာ ပွင့်လင်းမြင်သာမှု၊ ကောင်းမွန်သော လုပ် ဆောင်မှုများဖြင့် စနစ်တကျ ကျစ်လစ်စွာ တည်ဆောက်သွားမည်ဟု ဒေါ်ကြူကြူဝင်းက ဆိုသည်။
“ကျွန်တော်တို့လုပ်မယ့် အများပိုင်ကုမ္ပဏီဆိုတာက ငွေရေးကြေးရေး အမြတ်တစ်ခုအတွက် မဟုတ်ဘဲ ကျွန်တော်တို့ ရခိုင်ပြည်ကြီးရဲ့ နိမ့်ကျနေတဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ကဏ္ဍပေါင်းစုံကို မြှင့်တင်ပေး ဖို့အတွက်ပါ” ဟု ဆွေးနွေးပွဲ တက်ရောက်လာသူ အစုရှယ်ယာရှယ်ယာရှင် ဦးရွှေသိန်းကျော်က ဆိုသည်။
“အများအကျိုးအတွက် ကုမ္ပဏီထောင်မှာဆိုတော့ အစုရှယ်ယာကို တတ်နိုင်သလောက်ထည့်ပြီး အားပေး နေမှာပါ’’ ဟု ဆွေးနွေးပွဲသို့ လာရောက်သူ ရန်ကုန်မြို့ မြောက်ဒဂုံတွင် နေထိုင်သူ ရခိုင်အမျိုးသား ကိုကျော်မင်းဦးက ဆိုသည်။