မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ စက်တင်ဘာ လထဲတွင် ထွက်ရှိလာမှာဖြစ်ပြီး လက်ဝါးကြီးအုပ် လူနည်းစု စီးပွားရေးလုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို အကာကွယ်ပေးမည့် ဥပဒေ မဟုတ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုဦးစီးဌာန ဒါရိုက်တာ ဦးကျော်ဇောမောင်က ပြောသည်။
“လွတ်လပ်မှု ပွင့်လင်းမှု ရှိတာနဲ့ ပြိုင်ဆိုင်မှုက နောက်က လိုက်လာမယ်။ ပြိုင်ဆိုင်မှု မရှိရင် အဲ့သည့်လုပ်ငန်းကို တိုးတက်တယ်လို့ မယူဆနိုင်ပါဘူး။ နိုင်ငံခြားသားတွေ ဝင်လာလို့ ကိုယ့်နိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေ လုပ်ပိုင်ခွင့်တွေ လျော့သွားမယ်ဆိုတာ မမှန်ကန်ပါဘူး။ မိမိတစ်ဘက်တည်း ကြည့်လို့မရ။ တိုင်းရင်းသား လုပ်သား ပြည်သူတွေအတွက်လညး် ကြည့်ရမယ် နိုင်ငံတကာရဲ့ အနေအထားကို လည်း ကြည့်ရမယ်” ဦးကျော်ဇောမောင် က ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ၁၀၀ ရာခိုင်နှုန်းအပြည့်အထိ ရင်းနှီးမြှုပ်နှံခွင့် ပြုထားပြီး ဖက်စပ်လုပ်ကိုင်လို လျှင် အနည်းဆုံး ၃၅ ရာခိုင်နှုန်း အရင်းအနှီး ထည့်ဝင်ရန်လိုအပ်သည်။
ယင်းဥပဒေကို အစိုးရ ဝန်ထမ်းများ၊ စီးပွးရေး လုပ်ငန်းရှင်များ၊ ဥပဒေပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီးမှ ရေးဆွဲထားခြင်းဖြစ်သောကြောင့် အများပြည်သူနှင့် လိုက်လျောညီထွေမှု ရှိမည်ဟု ယူဆသည်ဟု ပြောသည်။
“ပါလီမန်က အတည်ပြုပြီးရင် သမ္မတကြီးဆီ တင်ပြမယ်။ သမ္မတကြီး လက်မှတ်ထိုးပြီးရင် ထုတ်ပြန်မယ်။ ထွက်ပေါ်လာ ဖို့က စက်တင်ဘာ ပထမပတ်အတွင်း ဖြစ်နိုင်သလို ဒုတိယပတ်အတွင်းလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဥပဒေတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူများသည် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ သုံးသိန်းခွဲနှင့် ကုန်ပစ္စည်းထုတ်လုပ်သော လုပ်ငန်းများအတွက် အနည်းဆုံးပမာဏ အမေရိကန် ဒေါ်လာ ငါးသိန်း မြှုပ်နှံနိုင်ရမည် ဖြစ်သည်။
အဆောက်အအုံနှင့့် မြေယာ ငှားရမ်းရာတွင်လည်း အစိုးရထံမှ အပြင် ပြည်တွင်းလုပ်ငန်းရှင်များ ထံမှလည်း ငှားရမ်းနိုင်ပြီး ကနဦးငှားရမ်းရာတွင် နှစ်ငါးဆယ် စာချုပ်ချုပ်နိုင်သည်။ နောက်ထပ် ဆယ်နှစ် နှစ်ခါသက်တမ်း တိုးနိုင် သည်။ ယခင် ၁၉၈၈ ခုနှစ် ဥပဒေတွင် အစိုးရထံမှသာ ငှားရမ်းနိုင်ပြီး နှစ်အရေအတွက် အားဖြင့်လည်း ယခုလောက် မရချေ။
“နိုင်ငံခြားက လာတဲ့ ကုမ္ပဏီ ဖြစ်ပေမယ့် သတ်မှတ်ထားတဲ့ အရည်အချင်းတွေ၊ အချက်အလက်တွေ မပြည့်စုံရင် လက်မခံဘူး။ ယေဘုယျ အားဖြင့် ရင်းနှီးမြှုပ်နှံလိုသူဟာ ကာလရှည် မြှုပ်နှံနိုင်ရမယ်။ ပြည်သူလူထုအတွက် အလုပ်အကိုင် ရရှိနိုင်စေရမယ်။ အရည်အသွေးရှိရမယ်။ တာဝန်ယူမှု တာဝန်ခံနိုင်မှုတွေ ရှိရမယ်” ဟု ဦးကျော်ဇောမောင် က ပြောသည်။
ထို့ပြင် “နိုင်ငံခြားသား ဝင်လာတဲ့အခါမှာ ထိခိုက်မှုနည်းဖို့ ကြည့်ရသလို ဘာတွေများများကောင်းလာမလဲ ဆိုတာကို လည်း ကြည့်ရမယ်။ ပြည်တွင်းက တိုင်းရင်းသားတွေ လုပ်ငန်းရှင်တွေ အတွက် နည်းပညာတွေ ဖြန့်ဝေနိုင်ဖို့ အတွက် လည်း ဒီဥပဒေထဲမှာ ထည့်သွင်းထားတယ်” ဟု ၎င်း ကပြောသည်။
မည်သည့်လုပ်ငန်းကိုပဲလုပ်လုပ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမး်ရေး စီမံချက်များကို တင်ပြရမည်ဖြစ်ပြီး တကယ် လုပ်နိုင်မလုပ်နိုင် စီစစ်ပြီးမှ ခွင့်ပြုမည် ဖြစ်ကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးဖြစ်စေနိုင်တာ မျိုးကို လက်ခံမည် မဟုတ်ကြောင်း ဦးကျော်ဇောမောင်က ပြောသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံတကာမှ လုပ်ငန်းရှင်များ လာရောက်ဆွေးနွေးရာတွင် ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ အများဆုံးဖြစ်ပြီး ယခုတနှစ်အတွင်းတွင် လာရောက်ဆွေးနွေးခဲ့သော ပြည်ပ ကုမ္ပဏီ ရ၀၀ နှင့် တစ်ထောင်ကြားရှိကြောင်းလည်း ၎င်းက ပြောသည်။
ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ စွမ်းအင် လုပ်ငန်းနှင့် ဓါတ်သတ္တုတူးဖေါ်ရေး လုပ်ငန်းများတွင် အများဆုံးဖြစ်ပြီး စိတ်ဝင်စားမှု အများဆုံးလည်း ဖြစ်သည်။