မီဒီယာလွတ်လပ်ခွင့်အတွက် ၃၄ ချက် ကွန်ယက် တောင်းဆို

မီဒီယာလွတ်လပ်ခွင့်အတွက် ၃၄ ချက် ကွန်ယက် တောင်းဆို
by -
မဇ္စျိမ

မြန်မာဂျာနယ်လစ်ကွန်ယက် MJN က စီစဉ်ပြုလုပ်သည့် မီဒီယာဥပဒေဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှ သတင်း လွတ်လပ်ခွင့်အတွက် အချက် ၃၄ ချက် ရရှိခဲ့သည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို အဟန့်အတား ဖြစ်စေမည့် ဥပဒေများကို ပယ်ဖျက်ပေးရန် အပါအဝင် သတင်းရေးသား ဖေါ်ပြခွင့်များ အပေါ် မည်သည့် စိစစ် ဖြတ်တောက်မှုမှ မရှိစေရန်လည်း ပါရှိသည်။

သြဂုတ်လ ၁၇ ရက်နေ့က MJN ရုံး၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် သတင်းသမားများ၊ ဥပဒေ ပညာရှင်များနှင့် ထုတ်ဝေသူများ တက်ရောက်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အစိုးရ အဆက်ဆက်က ၎င်းတို့နှင့် သဘောထား မတူသူများအား အရေးယူရာတွင် အသုံးပြုလေ့ရှိသည့် ၁၉၆၂ ပုံနှိပ်နှင့် ထုတ်ဝေသူများ ဥပဒေ၊ ၂ဝဝ၃ ခုနှစ် အီလက်ထရောနစ် အက်ဥပဒေ၊ ၁၂၄(က)- အစိုးရအပေါ် ဝေဖန်သည့် ဥပဒေ၊ ၁၉၅ဝ အရေးပေါ်စီမံချက် ဥပဒေ ပုဒ်မ(၅)ပါ စာပေလွတ်လပ်ခွင့်ကို ကန့်သတ်သော ပြဋ္ဌာန်းချက်များအား ပယ်ဖျက်ပစ်ရန် လိုလားကြသည်။

ဂျာနယ်လစ်များ၏ တာဝန်နှင့် အခန်းကဏ္ဍကို အုပ်ချုပ်ရေး အာဏာပိုင်များက လေးစားစွာ အသိအအမှတ် ပြုရေး အတွက်လည်း မီဒီယာဥပဒေတွင် ထည့်သွင်းဖော်ပြပေးရန် တောင်းဆိုသည်။

မြန်မာမီဒီယာလောကတွင် MJN အပြင် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း MJA နှင့် မြန်မာနိုင်ငံ သတင်းစာဆရာများ သမဂ္ဂ MJU ဟူ၍ ဖွဲ့စည်းထားရှိပြီး ဖြစ်သည်။

MJN ၏ ဆွေးနွေးပွဲမှ ရရှိလာသော သဘောထားများထဲတွင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းသည့်အခါ စာနယ်ဇင်း လောကသား အများဟု၏ သဘောတူညီမှုဖြင့်သာ ရွေးချယ်ဖွဲ့စည်းရန် ပါရှိပြီး သတင်းသမားများ သဘောဆန္ဒမပါဘဲ အသင်းအဖွဲ့တခုခုသို့ ဝင်ခိုင်းခြင်းမျိုးကိုမူ ကန့်ကွက်ထားသည်။

သဘောထား ၃၄ ရပ်ထဲတွင် ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေပါ ပုဒ်မ ၃၅၄ (က)၏ “ဥပဒေနှင့် မဆန့်ကျင်လျှင်” ဟူသော စကားရပ်အားလည်း ပိုမိုတိကျစွာ အဓိပ္ပါယ်ဖွင့်ဆိုပေးရန် တောင်းဆိုထားပြီး ဥပဒေကြောင်းအရ တရားရင်ဆိုင်ရမှုများ တွင် အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးပိုင်းအားထက် ကြိုတင်ဆုံးဖြတ် အရေးယူခြင်း မရှိစေရန် လိုလားကြသည်။

တရားမဝင် အသင်းအဖွဲ့များထံမှ သတင်းရယူခွင့်ကိုလည်း “သတင်းရယူရာတွင် မတရား အသင်းနှင့် ဆက်သွယ်သည် ဟူသော ပြစ်မှုဖြင့် အရေးယူခြင်း မပြုနိုင်စေရန်” ဟူ၍ တောင်းဆိုထားသည်ကို တွေ့ရှိရသည်။