မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ကဏ္ဍငါးခုတွင် အပစ်ရပ်အဖွဲ့များ အား တိုက်ရိုက် အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း နော်ဝေနှင့်မြန်မာအစိုးရတို့ သဘောတူညီ ဖွဲ့စည်းထားသည့် Myanmar Peace Support Initiative (MPSI) မှ အကြံပေး ကိုယ်စားလှယ် တဦးဖြစ်သူ Ashley South က ပြော သည်။
“ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ ကဏ္ဍ ငါးခုကို ကျနော်တို့ ကူညီ သွားပါမယ်။ ဒီအကူအညီတွေကိုလည်း အစိုးရကနေ မဟုတ်ဘဲနဲ့ အပစ်ရပ်ထားတဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး ပေးအပ်သွားမှာ ပါ” ဟု သောကြာနေ့က မဇ္စျိမကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အထောက်အပံ့များကိုလည်း နော်ဝေး အစိုးရမှ ဘဏ္ဍာရေးအရ အကူအညီပေးသွားမည်ဟု ဆိုသည်။
MPSI မှ အကူအညီ ပေးမည့် ကဏ္ဍ ငါးခုမှာ (၁) အပစ်ရပ် အဖွဲ့အစည်းများ ဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ရေး၊ (၂) အပစ်ရပ် အဖွဲ့အစည်းများနှင့် ဒေသခံလူထု တွေ့ဆုံ ရှင်းလင်းပွဲများ ပြုလုပ်နိုင်ရေး၊ (၃) အပစ်ရပ် အခြေအနေများ အပေါ် လွတ်လပ်သည့် စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းသွားရန်၊ (၄) ရှမ်းပြည်နယ်ရှိ ဘိန်းစစ်ဆင်ရေး၊ ပညာရေး ကဏ္ဍကဲ့သို့ ပရောဂျက်ကြီး အချို့နှင့် (၅) အပစ်ရပ် ဒေသများ၏ ပြန်လည်ထူ ထောင်ရေး လုပ်ငန်းစဉ်များ၌ အချက်အလက် စုဆောင်းရေးနှင့် စစ်တမ်း ကောက်ယူရေးကဏ္ဍတို့အား အဓိကထား အထောက်အပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်ကြီး (ပဲခူးတိုင်း)နှင့် ထားဝယ် (တနင်္သာရီတိုင်း) ဒေသတို့ရှိ ကရင် ဒုက္ခသည်များအား နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးရေးနှင့် ပြန်လည် နေရာချထားရေး အစီအစဉ်များအား MPSI ကိုယ်စားလှယ်များ ကိုယ်တိုင် ကွင်းဆင်းလေ့လာခဲ့ပြီး ဖြစ်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနှင့် Mr. Ashley South တို့သည် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရန်ကုန်မြို့၌ တကြိမ်တွေ့ဆုံခဲ့ပြီး ဖြစ်သည်။
MPSI အဖွဲ့အား နော်ဝေနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
“ဒီ MPSI ကိုလည်း နှစ်နိုင်ငံ အစိုးရတွေရဲ့ တရားဝင် သဘောတူညီမှုနဲ့ ဖွဲ့စည်းထားတယ် ဆိုတော့ မြန်မာအစိုးရ ဘက်က ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေအပေါ် ဘယ်လောက် ခွင့်ပြုမလဲ၊ နှစ်ဘက် အကြား ဘယ်လောက်အထိ ပွင့်လင်းမြင်သာမှု ရှိလဲ ဆိုတာကိုလည်း အစိုးရကို ကျနော်တို့ သုံးသပ်နေဆဲ အနေအထားမှာ ရှိပါတယ်” ဟု Mr. Ashley South က မဇ္စျိမကို ပြောသည်။
MPSI အဖွဲ့တွင် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ကူညီ လုပ်ဆောင်နိုင်ရန်အတွက် Ashley South နှင့် Charles Petrie တို့ နှစ်ဦးအား တာဝန် ပေးထားသည်။
Charles Petrie မှာ ၂၀၀၇ ခုနှစ်၌ မြန်မာပြည်ဆိုင်ရာ UN အကြီးအကဲဟောင်း တဦးအဖြစ် ရန်ကုန်၌ တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ ရွှေဝါရောင် တော်လှန်ရေး၌ သံဃာတော်များအား ထောက်ခံသည့် သဘောထားပြသည့် ထုတ်ပြန်ချက်ကို မြန်မာ အစိုးရသို့ ပေးပို့ခဲ့ပြီးနောက် မြန်မာအစိုးရမှ Charles Petrie အား မြန်မာနိုင်ငံမှ နှင်ထုတ်ခဲ့ သည်။
Ashley South သည် ၁၉၉၄ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေး ကော်မီတီ (TBBC) ၌ ကွင်းဆင်း အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး နှစ်ပေါင်း ၂ဝ ခန့် မြန်မာ့တိုင်းရင်းသားအရေးတို့တွင် ကိုယ်တိုင် ပါဝင်ဆောင်ရွက် ခဲ့သူ တဦး ဖြစ်သည်။ Mon Nationalism and Civil War in Burma: The Golden Sheldrake စာအုပ်အား ရေးသား ခဲ့သူလည်း ဖြစ်သည်။
MPSI အနေနှင့် မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား ဒေသများအား ပိုမို ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အခြေခံ အုတ်မြစ်များ ချမှတ်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ ဖော်ပြပါ အထောက်အပံ့များအား ပေးအပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
MPSI ၏ အကူအညီ ပေးရေး လျာထားချက်မှာ မည်မျှ ကြာမြင့်မည်၊ မည်သည့် ငွေကြေး ပမာဏဖြင့် ကူညီမည်ကိုမူ Ashley South u ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့ပေ။