အာဇာနည်နေ့ကျင်းပခွင့် မြို့နယ်အချို့တွင် အပိတ်ခံနေရဆဲ

အာဇာနည်နေ့ကျင်းပခွင့် မြို့နယ်အချို့တွင် အပိတ်ခံနေရဆဲ
by -
မဇ္စျိမ

နှစ်ပေါင်း ၂၀ ကျော် ကျင်းပခွင့် ပိတ်ပင်ထားသည့် အာဇာနည်နေ့ အခမ်းအနားကို လက်ရှိ အစိုးရသစ် လက်ထက်တွင် ပြန်လည် ကျင်းပခွင့် ပြုလိုက်သော်လည်း မြို့နယ်အချို့တွင် ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။

၆၅ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားများကို ပဲခူးတိုင်း ပဲခူးမြို့နှင့် ပြည်မြို့တွင်လည်းကောင်း၊ မွန်ပြည်နယ် ရေးမြို့နှင့် သံဖြူဇရပ်မြို့တွင်လည်းကောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ကျင်းပခွင့် မပြုကြောင်း သိရသည်။

ပဲခူးမြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ရှေ့၌လည်းကောင်း၊ ပြည်မြို့တွင် ဗိုလ်ချုပ် မြင်းစီး ကျောက်ရုပ် ရှေ့၌လည်းကောင်း၊ ရေးမြို့တွင် အာဇာနည်ကျောက်တိုင် ရှေ့၌လည်းကောင်း အသီးသီးစီတန်းလမ်း လျှောက် ပန်းခွေချခွင့် ပြုရန် သက်ဆိုင်ရာသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်က ကျင်းပခွင့် ရရန် အသီးသီး တောင်းဆိုထားခဲ့ကြသည်။

အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ရန် သတ်မှတ်ထားသော နေရာ မဟုတ်ခြင်း၊ အများပြည်သူဆိုင်ရာ နေရာဖြစ်ခြင်းနှင့် စည်ပင်သာယာ နယ်နိမိတ်အတွင်း တည်ရှိခြင်းကြောင့် ကျင်းပခွင့် မပြုနိုင်ကြောင်းကို ပဲခူး၌ ဇူလိုင်လ ၁ဝ ရက်နေ့ ကလည်းကောင်း၊ ပြည်၌ ဇူလိုင်လ ၁၁ ရက်နေ့ကလည်းကောင်း၊ ရေး၌ ဇူလိုင်လ ၁၄ ရက်နေ့ကလည်းကောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များက အသီးသီး အကြောင်းပြန်ခဲ့ကြခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်ကြေးရုပ်က လွမ်းသူ့ပန်းခွေ ချရမယ့်နေရာ အလေးပြုရမယ့်နေရာ မဟုတ်ဘူး။ အထိမ်းအမှတ်အနေနဲ့ လုပ်ထားတာတဲ့။ အဲဒါကြောင့် မြို့လယ်ခေါင်မှာ ခွင့်မပြုနိုင်ဘူးတဲ့။ ကျနော်တို့က ဘယ်နေရာကို ခွင့်ပြုပေးမလဲ၊ အာဏာပိုင်တွေ ခွင့်ပြုတဲ့နေရာမှာ ကျနော်တို့ လုပ်မယ်ဆိုတော့လည်း သူတို့ သတ်မှတ်ပေးလို့ မရဘူးတဲ့” ဟု ပဲခူး NLD ပါတီဝင် ကိုဂျမားက ပြောသည်။

၎င်းနေရာတွင် ခွင့်ပြုချက် မရသဖြင့် ပဲခူး နာရီစင် ပန်းခြံ၊ မိုးလုံလေလုံ အားကစားရုံနှင့် ရွှေမော်ဓော ဘုရားအနီး သီရိဟံသာခန်းမများတွင် ကျင်းပခွင့် ရရန် အစဉ်အတိုင်း ခွင့်တောင်းသော်လည်း မရရှိကြောင်း ကိုဂျမားက ပြောသည်။

မော်လမြိုင်မြို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးကိုကိုဇော်ကလည်း “အာဇာနည်နေ့ ကျင်းပတဲ့နေရာဟာ အစိုးရပိုင်မြေ ဖြစ်တယ်။ နောက်တခု အာဇာနည်နေ့ အခမ်းအနားက ရန်ကုန်မှာ ကျင်းပတဲ့အတွက် နယ်မှာ ကျင်းပဖို့ မလိုဘူး အဲဒီလို အကြောင်းပြတယ်” ဟု ရေးမြို့၌ ကျင်းပခွင့် မရကြောင်းကို ရှင်းပြသည်။

ယခုကဲ့သို့ ခွင့်မပြုခြင်းမှာ မွန်ပြည်နယ် အစိုးရ၏ သဘောထား မဟုတ်ဘဲ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၏ သဘောထားသာ ဖြစ်ကြောင်း သူက သုံးသပ်သည်။

“မော်လမြိုင်မှာ ကျင်းပခွင့် ပေးတယ်။ ဒေသတခုတည်းမှာပဲ ပုံစံ နှစ်မျိုး ဖြစ်နေတော့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ သဘောထားလို့ပဲ ကျနော်တို့ ယူဆတယ်” ဟု ဦးကိုကိုဇော်က ပြောသည်။

ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းတွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ကို မြို့နယ်အသီးသီးတွင် စစ်အစိုးရ က ပိတ်ပင်လိုက်ပြီးနောက်ပိုင်း NLD အနေနှင့် ဆွမ်းကပ်ခြင်းနှင့် အထိမ်းအမှတ် ဟောပြောပွဲများကို ဘုန်းတော်ကြီးကျောင်း၊ အိမ်နှင့် ရုံးများတွင်သာ ပြုလုပ်ခဲ့ကြရသည်။

“နှစ်ပေါင်း ၂၀ ကျော် အလေးမပြုခဲ့ရတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ကျနော်တို့ အလေးပြုချင်ကြတယ်။ ပြည်သူလူထုရဲ့ ရင်မှာ အာဇာနည်နေ့ဆိုတာ သိအောင် ကျနော်တို့ လုပ်ချင်တယ်။ ဆူပူအကြမ်းဖက်တာမှ မဟုတ်တာ” ဟု ပဲခူး NLD မှ ကိုဂျမားက ပြောသည်။

အာဇာနည်နေ့တွင် လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနား ကျင်းပခွင့် မရသည့် သက်ဆိုင်ရာ မြို့နယ်ရှိ NLD အနေနှင့် ယခင်နှစ်များတွင် ကျင်းပသကဲ့သို့ ဆက်လက် ကျင်းပသွားမည်ဟု ဆိုသည်။

နေပြည်တော်တွင် ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်က နိုင်ငံရေးပါတီတခုကို ကိုယ်စားလှယ် ငါးဦးစီ ဖိတ်ကြားထားပြီး ယမန်နှစ်က ဖိတ်ကြားခြင်း မရှိသည့်နိုင်ငံရေးပါတီများကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

၎င်းပြင် အာဇာနည်နေ့တွင် နံနက် ၈ နာရီမှ ၅ နာရီထိ ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ဗိုလ်ချုပ် ပြတိုက်ကို အများပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။