ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ - အထက်မြန်မာပြည်) မှ ၁၉၈၉ ခုနှစ်တွင်စတင် ထုတ်ဝေခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ထုတ်ဝေမှု ရပ်ဆိုင်းခဲ့သည့် ဗဟိန်းဂျာနယ်ကို 7 July နှစ် ၅၀ ပြည့် တွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးပြန်လည် ထုတ်ဝေလိုက်ပြီး နှစ်ပတ်တကြိမ် ဆက်လက် ထုတ်ဝေသွားမည်ဟု ဂျာနယ် တာဝန်ခံ အယ်ဒီတာ ကိုအောင်မှိုင်းဆန်းက ပြောသည်။
“၁၉၉ဝ ကာလ ဗကသ အထက်ဗမာပြည်က ထုတ်ဝေခဲ့တဲ့ နာမည်ကိုဘဲ အမွေဆက်ခံပြီး ပြန်ပြီးထုတ်တဲ့ သဘောပဲ။ အတတ်နိုင်ဆုံး ကဏ္ဍစုံအောင်ထည့်ထားတယ်။ ကဗျာ၊ ဆောင်းပါး၊ ဝတ္တုတို၊ အက်ဆေး၊ အင်္ဂလိပ်စာ ကဏ္ဍ၊ ကာတွန်း တွေပါမယ်။ ဒီဘက်ခေတ်မှာတော့ 7 July အမှတ်တရနဲ့ ပြန်လည်ထုတ်ဝေ တာပါ။" ဗကသ အထက်ဗမာပြည် အဖွဲ့ဝင် တဦးလည်းဖြစ်သူ ကိုအောင်မှိုင်းဆန်းက မဇ္ဈိမကို ပြောသည်။
ဂျာနယ်အတွင်း လက်ရှိကျောင်းတက်နေသည့် ကျောင်းသားများအတွက် အဓိကရည်ရွယ်ကာ ကျောင်းသားထု အရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို အဓိကထား ရေးသားသွားမည်ဟုလည်း ကိုအောင်မှိုင်းဆန်းက ပြောသည်။
ဂျာနယ်တွင် စာရေးဆရာကြီး ဒဂုန်တာရာက လိုအပ်သည့် စာအုပ်၊ စာတမ်းများ အကူအညီပေးသွားမည် ဖြစ်သည်။ ၁၉၆၂ ခုနှစ် မန္တလေးခရိုင် ကျောင်းသားများ ဥက္ကဋ္ဌ ဖြစ်သူ ဦးစောလွင်၊ စာရေးဆရာ သင့်နော်တို့မှလည်း ပါဝင် ကူညီရေးသားကြမည် ဖြစ်သည်။ နောက်ပိုင်းတွင် လက်ရှိ ပညာဆည်းပူးနေ ကြသည့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ရေးသားနိုင်ရန်လည်း စီစဉ်သွားမည်ဟု သိရသည်။
ဗမာ့ကျောင်းသား သမဂ္ဂ (အထက်မြန်မာပြည်) အနေဖြင့် ဗဟိန်းဂျာနယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်မှ ထုတ်ဝေသည် ဟူသည့်စာတန်း ဖေါ်ပြခွင့်ပြုရန်လိုလားနေပြီး စာပေစိစစ်ရေးမှ ဖေါ်ပြခွင့်ပြုမည်ဆိုပါက တရားဝင် ထုတ်ဝေခွင့် တင်ကာ ထုတ်ဝေသွားမည်ဟုလည်း သိရသည်။
ဗဟိန်းဂျာနယ်သည် ၁၉၈၉ ခုနှစ် ဇွန်လအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (အထက်မြန်မာပြည်) မှ စတင်ထုတ်ဝေခဲ့သည့် အပတ်စဉ်ထုတ် ဂျာနယ်တခုဖြစ်ပြီး ၁၉၉၁ ခုနှစ်ဇန်နဝါရီလ ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့ရသည်။