ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ဒေသခံနှင့် သွားရောက် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ဒေသခံနှင့် သွားရောက် တွေ့ဆုံ
by -
မဇ္စျိမ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ပြည်သူ့လွှတ်တော် ဒေါ်အောင်ဆန်း စုကြည်သည် သူ၏ မဲဆန္ဒနယ် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ဒေသခံ ပြည်သူများ တင်ပြသည့် အခက်အခဲများကို ဆွေးနွေး ခဲ့သည်ဟု သတင်း လိုက်ပါယူခဲ့သူ ပေါ်ပြူလာနယူးစ်က သတင်းထောက် ကိုဉာဏ်လင်းအောင်ကပြော သည်။

ကော့မှူးမြို့နယ် ဆင်ခြံကျေးရွာ အောင်ဇမ္ဗူပရဟိတ စာသင်တိုက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ ပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ ရေ၊ လျှပ်စစ်မီး၊ ချေးငွေ၊ အလုပ်အကိုင် ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးများနှင့် ပတ်သက်၍ တင်ပြချက်များကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ကလေးတွေ ကျောင်းမတက်နိုင်တဲ့ ကိစ္စတွေ၊ သူတို့ဒေသမှာ ဆေးပေးခန်း မရှိတဲ့ ကိစ္စတွေ၊ သန့်စင်တဲ့ရေ မရှိတဲ့ကိစ္စတွေ ပါတယ်။ အလုပ်လက်မဲ့ ကိစ္စတွေ များသောအားဖြင့် တင်ပြတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူလုပ်ပေးနိုင်တဲ့ ကိစ္စတွေ လုပ်ပေးမယ်၊ တချို့ဟာတွေက အစိုးရနဲ့ ဆိုင်တဲ့ကိစ္စတွေကိုတော့ ညှိနှိုင်းပြီးတော့ သူလုပ်ပေးမယ်လို့ ပြောတယ်” ဟု ကိုဉာဏ်လင်းအောင်က ပြောသည်။

ထို့ပြင် ဒေသခံတဦးက ချေးငွေ ကိစ္စနှင့် ပတ်သက်၍ တင်ပြချက်ကို ဒေါ်အောင်ဆန်းစုကြည်က အသေးစား ချေးငွေ ထုတ်ပေးနေသည့် အဖွဲ့တခုနှင့် ချိတ်ဆက်ထားပြီး လာမည့် သုံး၊ လေးလအတွင်း ကော့မှူးမြို့ နယ်အတွင်း အကောင်အထည် ဖော်လာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ရေကိစ္စကတော့ ကျမတို့ တတ်နိုင်သလောက် လုပ်သွားမှာပါ။ ငွေကိစ္စ ချေးငွေကိစ္စနဲ့ ပတ်သက်လို့၊ အသေး စားချေးငွေ အပြင်မှာ လုပ်နေတဲ့ အဖွဲ့တခုနဲ့ ချိတ်ဆက်ပြီးပြောတယ်။ ဒါဒီဟာကိုတော့ နောက် သုံးလေးလမှာ ဒီကော့မှူးဘက်ကို လာဖို့အတွက် ချိတ်ဆက်ပြီးတော့ လုပ်ကိုင်ဖို့ ကျမတို့ ချိတ်ဆက်ထားပါတယ်။ သုံးလေးလ လောက်မှာ ဖြစ်လာမယ်လို့ ကျမ မျော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို တယ်လီဖုန်းမှတဆင့် ဖမ်းယူခဲ့ခြင်း ဖြစ်သည်။

ကော့မှူးမြို့နယ် ကျေးရွာပေါင်း ၆၁ ရွာမှ ကျေးရွာဒေသခံ ၃ဝဝ ကျော် တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က သန့်စင်သည့်ရေနှင့် ဆည်ရေများ ရရှိရေးအတွက် မိုးရာသီကုန်ပါက ရေတွင်းများ တူးပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။

ပထမအကြိမ် လွှတ်တော် စတုတ္ထု ပုံမှန်အစည်းအဝေးကို သုံးရက်ကြာ ခွင့်ယူထားစဉ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ မဲဆန္ဒရှင် ပြည်သူများနှင့် သွားရောက် တွေ့ဆုံခဲ့သလို၊ ပါတီတွင်း လုပ်ငန်းများကိုလည်း လွှတ်တော်လုပ်ငန်းဆိုင်ရာကော်မတီနှင့် လွှတ်တော်ဆိုင်ရာ ဆော်သြောရေး တာဝန်များကို ပေးအပ်ခဲ့သည်။

NLD လွှတ်တော်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ဦးဆောင်မှုပေးနိုင်ရေးအတွက် “လွှတ် တော် လုပ်ငန်းဆိုင်ရာကော်မတီ”ကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီတွင် ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခုနှစ်ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ထို့ပြင် လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ ပံ့ပိုးကူညီနိုင်ရန် “လွှတ်တော်ဆိုင်ရာ ဆော်သြောရေး”မှူး အဖြစ် တောင်တွင်းကြီး မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်နှင့် လက်ထောက် ဆော်သြောရေးမှူးအဖြစ် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းအား ခန့်အပ်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော် (ခ) ဦးဖြိုးဇေယျာသော်ကို ဒေါ်အောင်ဆန်းစု ကြည်၏ လွှတ်တော်ဆိုင်ရာ အရာရှိအဖြစ် ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မဲဆန္ဒနယ်မြေသို့ ရွေးကောက်ပွဲပြီးနောက် ဧပြီလ ၁၇ ရက်နေ့ကလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကံစမ်းမဲဲ ဖောက်၍ ဆုငွေ ပေးအပ်ခဲ့ သည်။ ကြားဖြတ် ရွေးကောက်ပွဲ မကျင်းပမည် တကြိမ် ယခုတကြိမ်ဆိုလျှင် သုံးကြိမ်မြောက် ဒေသခံပြည်သူ များနှင့် သွားရောက် တွေ့ဆုံခြင်း ဖြစ်သည်။