ရလဒ်ကောင်းမွန်သည့် ခရီးစဉ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း

ရလဒ်ကောင်းမွန်သည့် ခရီးစဉ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း
by -
မဇ္ဈိမ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၁၆ ရက်ကြာ သွားရောက်ခဲ့သည့် ဥရောပခရီးစဉ်သည် ကောင်းမွန်သော ခရီးစဉ်ဖြစ်ကြောင်း ယနေ့ ရွှေဂုံတိုင် ရန်ကုန်ရုံးချုပ်တွင် တနာရီခွဲကျော်ကြာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ မီဒီယာများကို ရှင်းပြခဲ့သည်ဟု တက်ရောက်ခဲ့သည့် ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။

“ဥပရောပခရီးစဉ်က ကောင်းမွန်တဲ့ခရီးစဉ်တခု ဖြစ်တယ်။ ဒီခရီးစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီခရီးစဉ် ပြုပြင်ပြောင်းလဲ ရေးမှာ အများအားဖြင့် ကြိုဆိုကြတယ်၊ တတ်နိုင်သလောက် ကူညီမယ်ဆိုတာတွေ ပြောသွားတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည်  ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့မှ ဇွန် ၂၉ ရက်နေ့ထိ ဥရောပ ငါးနိုင်ငံ ဖြစ်သော ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့သည်ကို ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း ပြည်ပ သတင်းသမား ၆၀ ကျော်ခန့် တက်ရောက်ခဲ့သည်။

အသက် ၆၇ နှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဥပရောပနိုင်ငံ ခရီးစဉ်အပေါ် မြန်မာပြည် ဒီမိုကရေစီပြောင်းလဲရေး အောင်မြင်ရေးကို နိုင်ငံတကာက စေတနာထားပြီး ကူညီသွားမည်ဆိုခြင်းသည် ရလဒ် ကောင်းတခု ဖြစ်သည်ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။

“နိုင်ငံခြားက လူတွေက ကိုယ့်အပေါ်မှာ စေတနာထားတယ်ဆိုတာ ထင်ရှားသိသာတယ်။ ဒါပေမဲ့ ကိုယ့်ဘက်ကလည်း အလုပ်တွေ လုပ်ပြနိုင်မှ ရုပ်လုံးအနေနဲ့ ပေါ်လာမှာဆိုတာ ပြောတယ်။ အစိုးရဘက်ကလည်း ပြောင်းတာ၊ ပြင်တာတွေ လုပ်မယ်။ ကောင်းတဲ့ ရလဒ်လို့ မြင်ပါတယ်။ ရလဒ်ကောင်းက မြန်မာပြည်အပေါ် မေတ္တာထားကြတယ်။ ဝိုင်းကူကြမယ်။ မြန်မာပြည် ဒီမိုကရေစီအရေး အောင်မြင်အောင် ဝိုင်းကူကြမယ်ဆိုတဲ့ ရလဒ်ကောင်းတွေဘဲ” ဟု ဦးဝင်းတင်က ပြော သည်။

မနက်ဖြန်တွင် ကျင်းပမည့် ပထမအကြိမ်လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးသို့ သုံးရက်ကြာ မတက်ရောက်နိုင်ခြင်း မှာ ခရီးပင်ပန်းလွန်း၍ အနားယူလိုခြင်းဖြစ်ပြီး လာမည့်မည် ဇူလိုင်လ ၉ ရက်နေ့တွင်မူ လွှတ်တော် တက်ရောက်မည်ဟု ရှင်းပြခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ လွှတ်ငြိမ်းချမ်းသာခွင့်တွင် NLD ပါတီမှာ ပြုစုထားသော နိုင်ငံရေး အကျဉ်းသား ၃၃၀ ကို လွတ်ပေးရန် ဆက်လက် တောင်းဆိုသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆို ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဥရောပခရီးစဉ်အတွင်း "မြန်မာ" အစား "ဗမာ" ဟု ခေါ်ဝေါ် သုံးနှုန်းခဲ့မှုနှင့် ပတ်သက်၍ ဖွဲ့စည်းပုံတွင် အင်္ဂလိပ်လို ဖွဲ့စည်းပုံ မရှိသဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး အချိန်မှစ၍ အင်္ဂလိပ်ဘာသာတွင် Burma ဟု သုံးစွဲခဲ့ပြီးနောက် ပြည်သူကို မလေ့လာဘဲ ပြောင်းလဲခဲ့သည်ဟု ရှင်းပြခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။ 

“ဗမာဆိုတဲ ့အသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့ လွတ်လွတ်လပ်လပ် ပြောမှာဘဲ။ အစိုးရအဖွဲ့ ကိုယ်စားလှယ်အနေနဲ့ သွားမယ်ဆိုရင် မြန်မာသုံးမှာ။ ဒီအသုံးအနှုန်းက အင်္ဂလိပ်လိုမှာ ဖွဲ့စည်းပုံ မရှိဘူး။ ဗမာလို တခုတည်းဘဲ ရှိတယ်။ ဗမာလိုက မြန်မာနိုင်ငံ သူကတော့ စကားပြောရင် ကျမတို့ မြန်မာနိုင်ငံလို့ သုံးပါတယ်။ ဒါပေမဲ ့အင်္ဂလိပ်လို ပြောတဲ့အခါ union of Burma လို့ သုံးမှာဘဲ အဲဒီသဘောဘဲ ပြောတာဘဲ”ဟု ဦးဝင်းတင်က ပြောသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၂ တွင်  နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဟု ခေါ်တွင်စေရမည် (The state shall be known as The Republic of the Union of Myanmar) ဟု သုံးစွဲရန် ပြဋ္ဌာန်းထားသဖြင့် Burma ဟု သုံးနှုန်းပြောဆိုခွင့် မရှိကြောင်း ကော်မရှင်က သတိပေးခဲ့ သည်။

သတင်းစာရှင်းလင်းပွဲပြီးနောက် ပါတီအလုပ်အမှုဆောင်ကော်မတီ CEC နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည်က အစီရင်ခံခဲ့ကြောင်းနှင့် ပါတီ ညီလာခံ ကျင်းပရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ဦးဝင်းတင်က ပြောသည်။

NLD ပါတီ ညီလာခံကို ယခုနှစ်အတွင်း အပြီး ကျင်းပနိုင်ရေး စီစဉ်နေပြီး အောက်ခြေ အဆင့်ဆင့်တွင် ရပ်ကျေး၊ မြို့နယ်၊ ပြည်နယ်၊ တိုင်း စသည့် ညီလာခံ ကျင်းပရေးကို လာမည့်လတွင် ရပ်ကျေး ညီလာခံများ ကျင်းပရန် ရည်မှန်းထားပြီး ဗဟို ညီလာခံကိုမူ ယခုနှစ်မကုန်မီ ကျင်းပနိုင်ရေး စီစဉ်နေသည်ဟု သူက မဇ္စျိမကို ပြောသည်။

ဇွန်လ ၂၉ ရက်နေ့တွင် ဥရောပခရီးစဉ် အဆုံးသတ်ပြီး ဇွန်လ ၃ဝ ရက်နေ့မှာ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး သူ့ကို မြန်မာပြည်သူလူထု သောင်းနှင့်ချီ ကြိုဆိုခဲ့သည်။

Most read this week