ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ခြောက်မိုင်အကွာရှိ ဒေါ့ဖုန်းယန် မြို့နယ် ခွဲတွင် အစိုးရတပ်နှင့် KIO တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ကျေးရွာနှင့် နားလုံကျေးရွာ အကြားတွင် အစိုးရ၏ တပ်အင်အား ၁၀၀ ကျော်ခန့် တက်လာရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု KIO မှ ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။
“မနေ့က နားလုံဘက်မှာ မနက်ကနေ ည ၈ နာရီထိ တိုက်နေတယ်။ ဗန်းမော် ဘက်ကရော၊ မြစ်ကြီးနားဘက် က (အစိုးရတပ်များ) တက်လာလို့ တိုက်ပွဲဖြစ်တယ်။ ဒီမနက်ပိုင်းလည်း ဆက်ဖြစ်နေတယ်” ဟု မဇ္စျိမကို ပြောသည်။
နှစ်ရက်ကြာ တိုက်ပွဲအတွင်း နှစ်ဖက်လုံးမှ ကျဆုံး ဒဏ်ရာရမှုများ ရှိသည်ဟု KIO ၏ ရှေ့တန်းမှအရာရှိတဦး က ပြောသည်။
“ကျနော်တို့ဘက်က ဒီမနက် ၈ နာရီ ၁၁ မိနစ်မှာ ဗိုလ်တဦး ကျသွားပြီ။ အစိုးရဘက်ကလည်း တော်တော် ကျတယ်။ တချို့က ဒေါ့ဖုန်းဘက်ကနေ လာတယ်။ တချို့က ရှထန်ပါ ဘက်ကနေ တက်လာတယ်။ မနေ့က တိုက်ပွဲမှာက တဦးကျ၊ တဦး ဒဏ်ရာရတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
ထိုသို့ အစိုးရတပ်နှင့် KIO တပ်အကြား တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေစဉ် KIO နှင့် ပြည်ပ အခြေစိုက် ကချင် အမျိုးသားအစည်းအရုံး KNO တို့ ပူးတွဲ လုပ်ဆောင်သွားရန် လိုင်ဇာဌာနချုပ်တွင် နှစ်ရပ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ သည်။ ထို့နောက် KNO ၏ United Kachinland Army - UKA တပ်ဖွဲ့ကို ရုတ်သိမ်းလိုက်ပြီး KIA တပ်ဖွဲ့နှင့်အတူ ပူးပေါင်းဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၂၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။
“KIO နှင့် KNO သည် ကချင်အမျိုးသားရေးတွင် အတူလက်တွဲပြီးကာ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပြီး လုပ်ကိုင်ရ မယ့် လုပ်ငန်းစဉ်တွေကို စုပေါင်းညှိနှိုင်းပြီ လုပ်ဆောင်သွားမည်။ သဘောတူညီချက်အတိုင်း KNO ကနေ ဖွဲ့စည်းထား တဲ့ UKA ကို ရုပ်သိမ်းလိုက်ပြီး KIA နဲ့အတူ ပူးပေါင်းသွားမည်” ဟု ကချင်ဘာသာဖြင့် ဖော်ပြပါရှိသည်။
အင်အား ရာဂဏန်းရှိ UKA တပ်ဖွဲ့များသည် အများအားဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်တွင် လှုပ်ရှားနေသည်ဟု သိရသည်။
ထိုသို့ ပူးပေါင်းလိုက်ခြင်းနှင့် ပတ်သက်၍ “အမျိုးသားရေးအတွက် ပေါင်းလိုက်တာ။ တခုပဲ ဖြစ်အောင် ပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ကျနော်တို့က အဖွဲ့တွေ အများကြီး အားလုံး စုစည်းသင့်နေပြီဆိုတာ ကချင်တိုင်းက သိသင့်နေပြီ” ဟု ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။
ကချင်တိုင်းရင်းသားအရေး နိုင်ငံတကာတွင် ဆောင်ရွက်ရန် KNO ကို ၁၉၉၉ ခုနှစ်က ထူထောင်ခဲ့ပြီးသော် လည်း နောက်ပိုင်းတွင် KIO နှင့် KNO အကြား သဘောထားများ ယှဉ်ပြိုင်သလို ဖြစ်လာခဲ့ရာမှ ၂ဝ၁၁ ခုနှစ် ဇန်နဝါနရီလက သဘောထား ပြန်လည် ညှိနှိုင်းခဲ့ကြသည်။
KNO ကို ကချင်ကျောက်စိမ်းလုပ်ငန်းရှင် ဒူဝါဘောမ်ဝမ် လရော်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင်စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များမှာ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ အိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေ၊ ဆွီဒင်၊ တရုတ်နှင့် ထိုင်း စသည့် နိုင်ငံများတွင် ရှိသည်။