ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဒုက္ခသည် တသောင်းကျော်ရှိဟု RNDP ပြော

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဒုက္ခသည် တသောင်းကျော်ရှိဟု RNDP ပြော
by -
မဇ္စျိမ

အကြမ်းဖက် သတ်ဖြတ်မှုများ၊ မီးရှို့မှုများကြောင့် ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သူ ဒုက္ခသည် တသောင်းကျော် ရှိသွားပြီ ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ RNDP နှင့် ဒုက္ခသည်များကို ကူညီနေသူများက ပြောသည်။

စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်စခန်း ၂၅ ခုတွင် ဦးရေ ၂,၇၀၀ ကျော်၊ ဗူးသီးတောင်မြို့ပေါ် မေယုခန်းမနှင့် တခြားစခန်း တခုတို့တွင် ဒုက္ခသည် ၁,၃၀၀ ကျော်၊ ရသေ့တောင် မြို့နယ်အတွင်းမှ ဒုက္ခသည် ၃,၀၀၀ ကျော်နှင့် မောင်တော မြို့နယ်မှ ၅,၀၀၀ ကျော် ရှိနေကြောင်း သိရသည်။

“လုံခြံုရေး အများကြီးလိုအပ်နေတယ်။ လောလောဆယ် ဒုက္ခရောက်တဲ့လူတွေ သိပ်များနေတယ်။ အကူအညီတွေ အများကြီး လိုအပ်လိမ့်မယ်။ မြို့ပေါ်မှာတော့ လုံခြံုသွားတဲ့ အနေအထား ရှိတယ်။ နယ်ဘက်မှာ ရှိတဲ့ ရခိုင်တွေက မလုံခြံုသေးဘူး။ ဒါကြောင့် ရွာတွေက မြို့ပေါ် တက်ပြီး ခိုလုံနေရတယ်”ဟု RNDP မှ ပါတီ ခေါင်းဆောင် တဦးကပြောသည်။ 

စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်များသည် ဘုန်ကြီးကျောင်းများ၊ ရပ်ကွက်များရှိ ဓမ္မာရုံများတွင် ခိုလုံနေကြသည် ဟု သူက ဆက်ပြောသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း စစ်တွေမြို့ပေါ် ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များ၊ ဘုန်းကြီးကျောင်းများကို ဘင်္ဂါလီ လူမျိုးများက မီးရှုံ့ဖျက် ဆီးခြင်းကြောင့် အကြမ်းဖက်မှု ဖြစ်ပွားသော သုံးရက်အတွင်း သေဆုံးသူ ၃၀ ခန့် ရှိနေပြီဖြစ်ကြောင်း ယင်းပါတီမှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။ သို့သော်မဇ္စျိမမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

ဒုက္ခသည်များအတွက် သုံးရက်ကြာ ထမင်းထုပ်များ ဝေငှပေးနေရကာ နောက်ပိုင်း စားရေးသောက်ရေး အခက်အခဲ ရှိလာမည် ဖြစ်ပြီး အကူအညီများ လိုအပ်နေသည်ဟု ပြောသည်။

မောင်တောမြို့ပေါ်ရှိ အောင်မြေဗောဓိ၊ အလိုတော်ပြည့် ပရဟိသ၊ ဗဟိုကျောင်း၊ လေးမိုင် ရဲတပ်ရင်း၊ မြို့မ အလက၊ ပုပ္ပါရုံကျောင်း၊ မြို့မ ဓမ္မာရုံ တို့တွင် ဒုက္ခသည်စခန်းများ ဖွင့်ထားရသည်ဟု သိရသည်။

အစိုးရ စစ်တပ်များ လုံခြံုရေးယူထားသဖြင့် အကြမ်းဖက်မှု မရှိတော့သော်လည်း တနင်္လာနေ့ နံနက်ပိုင်းက မောင်တော မြို့နယ် ဗိုလ်မှူးကျေးရွာတွင် ဘင်္ဂါလီလူမျိုးများ မိမိနေအိမ်များကို မီးရှုံ့ဖျက်ဆီးမှု ဖြစ်ပွားခဲ့သဖြင့် ဒေသခံ ရွာသားများ ထိန့်လန့်မှုများရှိနေဆဲ ဖြစ်သည်ဟု အလိုတော်ပြည့် ဆရာတော် ဦးမဏိသာရ က မိန့်သည်။

“မနက်က မီးထလောင်တော့ လူတွေက ခြောက်ခြားတုန်လှုပ်ကြတယ်။ လူတွေ ထင်ရောင်ထင်မှားဖြစ်အောင် သူ့အိမ် သူ မီးရှို့တာပါ။ သက်ဆိုင်ရာက အချိန်မီ ငြှိမး်နိုင်လို့ တခြားအိမ် ကူးစက်လောင်ကျွမ်းတာ မရှိပါဘူး။ အေးဆေးတယ် လို့ ပြောလို့ရတယ်” ဟု ဆရာတော်က မိန့်သည်။ 

အလိုတော်ပြည့်ကျောင်းတွင် ဒုက္ခသည် ၅၅၇ ဦးရောက်ရှိနေပြီး အောင်မြေဗောဓိကျောင်း၊ ပရဟိတကျောင်း၊ ဗဟိုကျောင်းများတွင် ဒုက္ခသည် လူဦး ၃,၀၀၀ ကျော် ရှိနေသဖြင့် ကူညီထောက်ပံ့ကြရန် မိန့်သည်။

“ဦးဇင်းတို့ တိုင်းရင်းသားဆိုတာက အိမ်ရှင်ပါ။ အကြမ်းတိုက်ခိုက်ခံရတဲ့ ဦးဇင်းတို့ တိုင်းရင်းသားတွေမှာ လူမသေပေ မယ့် ဘဝသေသွားကြပါပြီ။ အိမ်တွေလည်း မရှိတော့ဘူး။ စားစရာ မရှိတော့ဘူး။ ကမ်းမမြင် လမ်းမမြင် ဒုက္ခသည်တွေ ကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ တကမ္ဘာလုံးမှာ ရှိနေတဲ့ လူတွေက စိတ်ဓါတ်ရေးရာပဲ ဖြစ်ဖြစ်၊ ပစ္စည်းပဲဖြစ်စေ ပါဝင်ကူညီကြပါ” ဟု မေတ္တာရပ်ခံသွားသည်။

ရခိုင်ပြည်နယ်အတွင်း ဆူပုအကြမ်းဖက်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများ၊ သတ်ဖြတ်မှုများကြောင့် “အရေးပေါ်အခြေအနေ” ကို တနင်္ဂနွေနေ့က သမ္မတအမိန့်ဖြင့် ကြေညာထားပြီး စစ်တပ်မှ ပါ၀င်ထိန်းသိမ်းနေသည်။

Most read this week