အလုပ်သမားများ လုပ်အား တိုးလုပ်ရန် လုပ်ငန်းရှင်အသင်း တောင်းဆို

အလုပ်သမားများ လုပ်အား တိုးလုပ်ရန် လုပ်ငန်းရှင်အသင်း တောင်းဆို
by -
မဇ္စျိမ

အလုပ်သမားများ အခြေခံလစာ တိုးမြှင့်ရရှိရေး ဆန္ဒပြမှုများ မကြာခဏ ပေါ်ပေါက်နေသော် လည်း အလုပ်သမားများဘက်မှ လုပ်အား တိုးမြင့် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း မြန်မာ့အထည်ချုပ် လုပ်ငန်းရှင် များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောသည်။

ဗီယက်နမ်နိုင်ငံမှ လုပ်သားတဦး တရက်လျှင် ရှပ်အကျႌအထည်ပေါင်း ၂ဝ ချုပ်နိုင်သော်လည်း မြန်မာနို်င်ငံမှ လုပ်သား တဦးမှာ တရက်လျှင် ၁ဝ ထည်သာ ချုပ်နိုင်သဖြင့် နှစ်ဆ ကွာခြားမှု ရှိနေသည်ဟု ဆိုသည်။

“အလုပ်သမားတွေက စားဝတ်နေရေးကြောင့် လုပ်ခလစာ တိုးလိုချင်ပေမယ့် သူ့လုပ်အားက၊ အလုပ်သမားတွေ လုပ်နိုင်မှု မတိုးဘူးဆိုရင် ဒီလုပ်ငန်းရှင်တွေက ရေရှည် ရပ်တည်နိုင်ဖို့ ခဲယဉ်းတယ်” ဟု ဦးမြင့်စိုး ကပြောဆို သွား သည်။

ထိုသို့ ရေရှည်တည်တံ့နိုင်ရန်အတွက် အခြားအခက်အခဲများလည်း ရှိနေကြောင်း “အော်ဒါလည်း ဒီလောက်ကြီး များများစားစား မကောင်းသေးဘူး။ အမေရိကားလည်း များများစားစား ပို့လို့ မရသေးဘူး။ ဥပရောပပို့တော့ လည်း အခွန်သက်သာခွင့် မရဘူး။ ပြီးရင် ဒေါ်လာစျေးကလည်း ကျတယ်။ ကျပ်ငွေက မာတယ်။ ၂ဝ၁၁ ခုနှစ် ရော၊ ၂ဝ၁၂ မှာလည်း လုပ်ငန်းတွေ မကောင်းသေးဘူး။ အန်ကန်တို့ လည်ပတ်နေတယ်ဆိုတာက ရှုံးလိုက်၊ အရင်းအနှီး ရလိုက်၊ တခါတလေ ပါးပါးလေး မြတ်လိုက် အဲဒီလိုမျိုး လုပ်နေရတာ။ လုပ်ငန်းကမကြီးထွား နိုင်ဘူး” ဟု မဇ္စျိမကို ပြောသည်။

အထည်ချုပ်လုပ်ငန်းရှင်များအနေနှင့် ၎င်းတို့၏ အခက်အခဲများ ဆက်လက် ကြပ်တည်းလာပါက အလုပ်သမား များ အခက်အခဲကိုလည်း ဖြေရှင်းပေးရန် မလွယ်ကြောင်း ဆန္ဒပြ အလုပ်သမား မိန်းကလေးများအား ပြောဆိုထားသည်ဟု ဦးမြင့်စိုး က ပြောသည်။

“နောက် ၃ လဆိုရင်တော့ အမေရိကန်နဲ့ ဥရောပ အခွန်သက်သာခွင့်တွေ လွတ်မယ်လို့ မျှော်လင့်တယ်။ အဲဒီလို
မျှော်လင့်တာလေးတွေ ဖြစ်လာပြီဆိုရင်တော့ အန်ကယ်တို့က ရည်ရှည် ဆက်လုပ် လာနိုင်တယ်။ အဲဒီလို မဖြစ်လာနိုင်ဘဲနဲ့ ဒီအခြေအနေထက် ဆိုးသွားမယ်။ ငွေလဲနှုန်းကလည်း ကျသွားမယ်ဆိုရင်တော့ သမီးတို့ကို အန်ကယ်တို့ ကယ်တင်နိုင်မှာ မဟုတ်ဘူးဆိုတာတော့ ပြောထားတယ်”ဟု ပြောသည်။

မြန်မာ့အထည် တင်ပို့မည့် စျေးကွက် မရခြင်း၊ အမေရိကန်နိုင်ငံသို့ တင်ပို့မှု နည်းနေခြင်းနှင့် ဥရောပနိုင်ငံတို့ တင်ပို့ရာ တွင် မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ချ်၊ ကမ္ဘာဒီးယား၊ ဗီယက်နမ်နိုင်ငံများ နီးတူ အခွန်ကင်းလွတ်ခွင့် မရသေးသဖြင့် အမြတ်အစွန်း နည်းပါးနေသည်ဟု ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

အမေရိကန်က စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ပြီးခဲ့သည့် မေလဆန်းပိုင်းက ရုပ်သိမ်းခဲ့သော်လည်း တင်ပို့မှု နည်းပြီး အခွန်ကင်းလွတ်ခွင့် မရသေးသဖြင့် ကုန်ကျငွေ များပြားသေးဟုဆိုသည်။

“ပို့ချင်တဲ့ စျေးကွက်နဲ့ ပို့နိုင်ရမယ်။ ပိုတဲ့ စျေးကွက်တွေမှာလည်း အခွန်သက်သက်ခွင့်နဲ့ အခွန်ကင်းလွှတ်ခွင့် တွေ ရရမယ်။ အန်ကယ်တို့ ခံစားနေရတဲ့ transaction costs တွေပေါ့လေ။ လျှပ်စစ်မီးနဲ့ ဒီဇယ်နဲ့ လည်ရတယ်။ သယ်ယူ ပို့ဆောင် စရိတ်တွေ ကြီးတယ်။ အဲဒီလိုမျိုး transaction costs တွေ ချနိုင်ရမယ်။ ငွေလည်းနှုန်း ဖြစ်သင့် ဖြစ်ထိုက် တဲ့နှုန်း ဖြစ်ဖို့ လိုတယ်။ ခုတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်းထက် အောက်ကို ကျနေတယ်” ဟု ဦးမြင့်စိုး က ပြောသည်။

ငွေလဲလှယ်နှုန်းမှ ယခင်က အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၁,၂ဝဝ ကျပ်ထိ ရှိခဲ့ရာမှ ယခု ၈၅ဝ ထိ ကျဆင်းသွားပြီး ထိုအတိုင်း ခိုင်နေသည်။

ပြည်ပနိုင်ငံများမှ ကုမ္ပဏီကြီးများထံမှ လက်ခစား အထည်ချုပ် ခွဲတမ်းကို တဆင့်ခံ ရရှိနေသည့် မြန်မာနိုင်ငံမှ ဂျပန်၊ ကိုးရီးယာ၊ ဥရောပနှင့် တောင်အမေရိကသို့ တင်ပို့နေသည်။ ကုန်ကြမ်းများကို တရုတ်နိုင်ငံနှင့် အာရှနိုင်ငံများမှ အဓိက ဝယ်ယူနေသည်ဟု သိရသည်။

ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် ပို့ကုန် ကျဆင်းခဲ့သည့် နောက်ပိုင်း ၂ဝဝ၈ နှစ် စက်တင်္ဘာလကုန် နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ကာ မြန်မာ့အထည့်လုပ်ငန်း ၃ဝ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ရာမှ ယခုထိ ပြန်လည် နာလန်မထူနိုင် သေးဘဲ ဖြစ်နေခြင်း ဖြစ်သည်။

အလုပ်သမားများ ရသင့်ရထိုက်သည့် နှုန်းထားများ ရရှိရေးနှင့် ပတ်သက်၍ ဇွန်လ ၅ ရက်နေ့က အထည်ချုပ် လုပ်ငန်းများ ရပိုင်ခွင့်နှင့် ပတ်သက်၍ အစိုးရ ကိုယ်စားလှယ်များ၊ ၈၈ ကျောင်းသား ခေါင်းဆောင်များ၊ အလုပ်သမား အခွင့်အရေး လှုပ်ရှားနေသူများနှင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

ထိုညှိနှိုင်းမှုတွင် အလုပ်ချိန် ၈ နာရီအတွင်း လုံလောက်သည့် အခြေခံလစာ ပေးရေးနှင့် အလုပ်ကြိုးစားသူနှင့် အလုပ် ကျွမ်းကျင်မှုအပေါ် မူတည်၍ လစာတိုးမြင့် ရရှိမည်ဆိုသည့် မူကို အထည်ချုပ်လုပ်ငန်းရှင်အသင်းမှ တင်ပြခဲ့ပြီး အလုပ်သမားများကလည်း သဘောတူညီခဲ့သည်ဟု ဦးမြင့်စိုးက ပြောသည်။

အထည်ချုပ်စက်ရုံ လုပ်သားအများစုမှာ အခြေခံလစာမှာ ကျပ် ၃ဝ,ဝဝဝ ကျော်မှ ၆ဝ,ဝဝဝ ကျပ်ကြားသာ ရရှိပြီး လစာတိုးပေးရေး၊ အလုပ်သမား အခွင့်အရေးများအတွက် ဆန္ဒပြမှုများ မကြာခဏ ပေါ်ပေါက်နေဆဲ ဖြစ်သည်။

အလုပ်သမားများအရေး ဆန္ဒပြစက်ရုံ ၅ ရုံခန့် ဖြေရှင်းပေးနိုင်ခဲ့ပြီး မပြေလည်မှုများကိုလည်း ခေါ်ယူဆွေးနွေးနေ၍ တိုးတက်မှု ရှိသည်ဟု မြန်မာ့အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောသည်။

အထည်ချုပ် စက်ရုံများသည် အများအားဖြင့် ရန်ကုန်တိုင်းတွင် ရှိပြီး ပဲခူးတိုင်းတွင်လည်း အနည်းငယ် ရှိသည်။ လက်ရှိ အထည်ချုပ်လုပ်ငန်း လည်ပတ်နေသည့် စက်ရုံပေါင်း ၁၂၀ ကျော်ရှိသည်။