ဘင်္ဂါလီ ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်များ တောင်ကုတ်ကိစ္စ ကန့်ကွက်ဆန္ဒပြ

ဘင်္ဂါလီ ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်များ တောင်ကုတ်ကိစ္စ ကန့်ကွက်ဆန္ဒပြ
by -
မဇ္စျိမ

ရန်ကုန်မြို့၊ ဆူးလေဘုရားအနီး ဘင်္ဂါလီဗလီရှေ့တွင် အင်္ဂါနေ့ နေ့လည်ပိုင်းက အစ္စလာမ် ဘာသာဝင်များ ဆန္ဒပြမှုတရပ် ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့၊ ဆူလေဘုရားအနီး ဘင်္ဂါလီ စွန်နီ ဂျာမေ့ ဗလီတွင် ဇွန်လ ၅ ရက်နေ့ နေ့လည် ၁၂းဝဝ နာရီ ဝန်းကျင်တွင် ဆန္ဒပြနေကြသည့် အစ္စလာမ်ဘာသာဝင်များအား ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး က လာရောက်အားပေး ထိန်းသိမ်းနေစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္စျိမ)
ဇွန်လ ၃ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ခရီးသွား အစ္စလာမ် ဘာသာဝင် ၁ဝ ဦးအား ဒေသခံ လူအုတ် က သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ တရားမျှတမှု လိုချင်ကြောင်း၊ ထို့ပြင် နိုင်ငံပိုင် မီဒီယာများမှ အသုံးပြုလိုက်သည့် “မွတ်ဆလင် ကုလား” ဟူသည့် စကားလုံးနှင့် ပတ်သက်၍လည်း ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု မဇ္စျိမသတင်းထောက် လင်းဘိုဘို က ပြောသည်။

ဗလီရှေ့တွင် ဆန္ဒပြ အစ္စလာမ် ဘာသာဝင် အယောက် ၅ဝ ခန့်နှင့် လာရောက်ကြည့်ရှုသူ စုစုပေါင်း ၃ဝဝ ခန့်အား အခြေအနေ အေးချမ်းစွာ ဖြစ်စေရန်အတွက် အစ္စလာမ် ဘာသာဝင်တဦးဖြစ်သူ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေး က နှစ်ကြိမ်တိုင် လာရောက်အားပေး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

“ခုတော့ လူစုကွဲသွားပါပြီ။ ကိုမြအေး ဒုတိယအခေါက် ပြန်ရောက်မလာခင်က အခြေအနေ တော်တော်တင်းနေတယ်။ ကိုမြအေးလည်း တော်တော် မောနေတယ်။ တော်တော် ကြိုးစားပမ်းစား ထိန်းသွားရှာပါတယ်။ အလ္လာက မှာ ထားချက်တွေ၊ ငြိမ်းချမ်းရေး ရှေးရှုဖို့တွေ ရှင်းပြသွားတယ်ဗျ။ အဓိက က မလိုလားအပ်တဲ့ ပြဿနာတွေထဲကို၊ လူတစုက ဖန်တီးနေတဲ့ လှည့်ကွက်ထဲကို ဝင်မသွားမိဖို့ လိုပါတယ် လို့ပြောတယ်” ဟု လင်းဘိုဘို က ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များနှင့်ပတ်သက်၍ တရားမျှတမှုမှာ ဧကန်လိုအပ်ကြောင်း လည်း ကိုမြအေး က တောင်းဆိုသွားပြီး နိုင်ငံပိုင် မီဒီယာများ၏ သုံးနှုန်းခေါ်ဆိုမှုနှင့် ပတ်သက်၍လည်း ကန့်ကွက် သွားသည်။

“ခရီးသွား ၁ဝ ယောက်ကို ရက်ရက်စက်စက် သတ်ပစ်တာကိုလည်း တရားမျှတမှု လိုချင်ပါတယ်။ အစိုးရက ကြေညာ တဲ့အခါမှာ ကျနော်တို့ကို မွတ်ဆလင်ကုလားတွေလို့ ကြေညာတယ်။ အဲလိုဆိုရင် တိုင်းပြည်အတွက် အသက်စွန့်သွား တဲ့ ဆရာကြီး ဦးရာဇတ်ကို မွတ်ဆလင် ကုလားကြီးလို့ ခေါ်မလားဗျာ” ဟု နိုင်ငံပိုင် မီဒီယာများအား ကိုမြအေး က ဝေဖန်ပြောဆိုလိုက်သည်။

ထို့ပြင် မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အမှုအားလည်း အမှုမှန်ပေါ်ပေါက်ပြီး တရားမျှတစွာ အရေးယူပေးရန် လိုလားကြောင်း ကိုမြအေး က တောင်းဆိုသွားသည်။

“အစိုးရပိုင် သတင်းမီဒီယာတွေ သုံးတာက discriminate လုပ်တာပေါ့။ လူမျိုးရေး ပဋိပက္ခကို ဖြစ်ပွားလာအောင် ဖန်တီးနေတဲ့ အသုံးအနှုန်းမျိုးဖြစ်နေတယ်လို့ ကိုမြအေးက ပြောသွားတယ်။ ကိုမြအေးရဲ့စကားကို အတော်များများ က လေးစားကြတာ တွေ့ရတယ်။ သူရောက်မလာခင်တုန်းက တော်တော်ကြီးကို ကြမ်းကြမ်းတမ်းတမ်းတွေ ဖြစ်နေ တာကိုး။ ပွက်လောရိုက်နေတာ” ဟု မဇ္စျိမ သတင်းထောက်က ပြောသည်။

တောင်ကုတ်မြို့ သတ်ဖြတ်မှုတွင် တောင်တွင်းကြီးမြို့မှ ဆွေမျိုးသားချင်း ၃ ဦး သေဆုံးခဲ့သည့် ဒေါ်ခင်နှင်းလှ ကလည်း “ကျမတို့ဟာ နိုင်ငံရေးတွေလည်း နားမလည်ပါဘူး။ ဒီကိစ္စကို အမှုမှန် ပေါ်ပေါက်စေချင်တယ်။ အစိုးရကို မဝေဖန် လိုပါဘူး။ ကုလားဆိုတာ အရင်တုန်းက အစိုးရအနေနဲ့ သုံးနှုန်းခဲ့တာ မတွေ့ပါဘူး။ ခုကျမှ ဘာလို့ ဒီစကားလုံးသုံးလဲ မသိပါဘူး” ဟု မဇ္စျိမကို ပြောသည်။

ထို့နောက် ကိုမြအေးက “အစ္စလာမ်ဘာသာဝင်များ ကိုယ်စား တရားမျှတမှုရအောင် ကျနော် ကြိုးစားပါမယ်။ ကျနော် ကတိပေးပါတယ်” ဟု ပြောဆိုကာ ဆန္ဒပြသူ လူအုပ်အား အေးချမ်းစွာ လူစုခွဲစေခဲ့သည်။

လာရောက်ကြည့်ရှုနေကြသည့် အစ္စလာမ်ဘာသာဝင် မဟုတ်သူများနှင့် တစုံတရာ ကတောက်ကဆ မဖြစ်ပွားခဲ့ဘဲ ဗလီလူကြီးများ၏ ထိန်းသိန်းမှုဖြင့် ဆန္ဒပြပွဲ ပြီးဆုံးသွားကြောင်း သိရသည်။