ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ညီလာခံတွင် စစ်မှန်သည့် ပြည်ထောင်စု တည်ဆောက်ရေး အဆိုနှင့် ပါတ်သက်ပြီး အလေးအနက် ဆွေးနွေးခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောသည်။
“ဖက်ဒရယ်နဲ့ ပါတ်သက်လို့ ဆွေးနွေးပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်အောင် ဆောင်ရွက်ရေး ဆိုတဲ့အဆိုက နည်းနည်းလေး ပြင်းပြင်းထန်ထန် ဆွေးနွေးကြတယ်။ ဦးခိုင်ကျော်မိုး၊ ဦးခိုင်စိုး၊ ဦးထွန်းအောင်ကျော်တို့က ဆွေးနွေးပြီး ကာမှ အဲဒီမှာလည်း တချို့အသုံးအနှုန်းတွေဟာ လက်ရှိအခြေအနေနဲ့ မကိုက်ညီသေးတာရော မသင့်လျှော်တာမို့လို့ အဲဒီက အချက်အလက်တွေကို တောင်းဆိုဖို့ မဟုတ်ဘဲနဲ့ မှတ်တမ်းတင် ထားရှိသွားမယ်ဆိုတဲ့ ဥစ္စာနဲ့ အဆုံးသတ်ခဲ့ပါ တယ်” ဟု မဇ္စျိမကို ပြောသည်။
၂ဝဝ၈ ဖွဲ့စည််းပုံပါ တိုင်း ရ တိုင်း၊ ပြည်နယ် ရ ပြည်နယ်ကို လက်ခံသော်လည်း စစ်မှန်တဲ့ ပြည်ထောင်စု စနစ်သည် ကြောက်စရာမကောင်းကြောင်းနှင့် အလွန်အင်မတန် ယဉ်ကျေးသိမ်မွေ့ကြောင်း သူက ဆိုသည်။
“ခွဲထွက်တာ မဟုတ်ဘူး။ ကျနော်တို့က ညီရင်းအကိုလို ဒီနည်းလမ်းဟာ လက်နက်ကိုင် ပဋိက္ခကို ဖြေရှင်းနိုင်တယ်။ တိုင်းရင်းသားအချင်းချင်း ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ လမ်းကြောင်းဟာ ဒီနည်းပဲဆိုတာ ကျနော်တို့ ပြပြပြောပြောနဲ့ မိတ်ဆက်တာပါ” ဟု ဒေါက်တာအေးမောင် က ပြောသည်။
ရခိုင်သမိုင်းကို ရခိုင်ပြည်နယ် အစိုးရကျောင်းများတွင် မူလတန်း၊ အလယ်တန်းမှ စပြီးသင်ကြားနိုင်ရေးနှင့် ကိုယ့်သမိုင်း ကိုယ်မသိပါက ကိုယ့်လူမျိုးပင်ပျောက်သွား နိုင်ကြောင်း ပြောသည်။
ပါတီညီလာခံကို မေလ ၃ဝ ရက်နေ့မှ စတင်ကာ စစ်တွေမြို့၌ သုံးရက်တာ ကျင်းပနေခြင်းဖြစ်သည်။
ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေးနှင့် ပါတ်သက်ပြီး ကျွမ်းကျင်သည့် သမိုင်းပညာရှင်များက ရွှေးချယ်သွားမှာဖြစ်ပြီး မိခင်ဘာသာစကား သင်ကြားနိုင်ရေး တင်ပြခဲ့ကြောင်း ဆက်ပြောသည်။
“မိခင်ဘာသာစကားဟာ ရ နှစ်၊ ၈ နှစ် အထိ သင်ပေးသင့်တယ်။ နိုင်ငံတကာ ပညာရှင်တွေကလည်း ပြောတယ်။ ဒုတိယ ဘာသာစကားကို အဲဒီကာလနောက်ပိုင်း ၈ နှစ်လောက်မှ လေ့လာသင့်တယ်။ မိခင် ဘာသာစကားက အရေးကြီးပါတယ်” ဟု ဆိုသည်။
“တိုင်းရင်းသား အယောင်ဆောင် ဘင်္ဂါလီ နိုင်ငံခြားသားများ၏ သမိုင်းအလိမ်များ ရပ်တန့်သွားအောင် ဆောင်ရွက်ရေး” ဆိုသည့် ဦးအောင်မြကျော်၏ အဆိုကိုလည်း ဘူးသီးတောင်မှ ဦးထွန်းအောင်သိန်းနဲ့ နောက်ရန်ကုန်မှ ရခိုင်စာပေနဲ့ ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဒေါ်စောခင်ဖြူ တို့က ဆွေးနွေးခဲ့ကြောင်း သိရသည်။
RNDP အား ၂ဝ၁ဝ ခုနှစ်က မှတ်ပုံတင်ထားခဲ့ပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် ၃၅ ဦး အနိုင်ရရှိထားပြီး တဦး ကွယ်လွန်သွားခဲ့သည်။
RNDP ၏ အဆိုပါ ညီလာခံ ကျင်းပနေချိန်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD (ဂျပန်ဌာနခွဲ) မှ ရခိုင်ပါတီကြီး နှစ်ခု ဖြစ်သည့် ALD နှင့် RNDP ပါတီနှစ်ခု ပေါင်းစည်းရန် မေလ ၂၇ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထား သည်။
ဦးအေးသာအောင် ခေါင်းဆောင်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အား ရွေးကောက်ပွဲ ကော်မရှင်မှ မေလ ၃ဝ ရက်နေ့က ပါတီ ပြန်လည်မှတ်ပုံတင်ခွင့် ပြုထားသည်။