သမ္မတကြီး ဦးသိန်းစိန်၏ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာဦးမြင့်၏ “ပြည်သူသို့ အိတ်ဖွင့် ပေးစာ”မှာ သမ္မတရုံး၏ သဘောထားကို ထင်ဟပ်ခြင်း မရှိကြောင်း သမ္မတအကြံပေးဖွဲ့က သတင်းစာ ရှင်းလင်းပွဲတခုလုပ်၍ ကြာသပတေးနေ့ နံနက်ပိုင်းက ပြောဆိုလိုက်သည်။
ဒေါက်တာဦးမြင့်၏ မေလ ၁၉ ရက်နေ့ ရက်စွဲပါ “ရန်ကုန်တက္ကသိုလ်ရဲ့အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ”နှင့် ပတ်သက်၍ ဖြေရှင်းရန်အတွက် နိုင်ငံတော်သမ္မတရုံးမှ တိုက်ရိုက် ညွှန်ကြားချက်အရ သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်၊ စီးပွားရေးအကြံပေး ဒေါက်တာနေဇင်လတ်၊ ဥပဒေ အကြံပေးများ ဖြစ်ကြသော ဦးစစ်မင်းနှင့် ဒေါ်ခင်မျိုးမြင့်တို့က ပြည်တွင်းပြည်ပ သတင်းမီဒီယာများအား ရှင်းလင်း ပြောပြကြခြင်း ဖြစ်သည်။
အဆိုပါ အိတ်ဖွင့်ပေးစာမှာ ဦးမြင့်၏ ပုဂ္ဂလိက သဘောထားများသာ ဖြစ်ကြောင်း အကြံပေးအဖွဲ့က ရှင်းပြခဲ့သည်ဟု ကိုယ်တိုင် သတင်းတက်ရောက်ယူခဲ့သည့် မဇ္စျိမ သတင်းထောက်က ပြောသည်။
“ဒီစာဟာ ဦးမြင့်ရဲ့ ပုဂ္ဂလိက ဆန္ဒအရ ရေးတာပါ။ နိုင်ငံတော်သမ္မတ အကြံပေးရုံးအနေနဲ့ ကြိုတင်လည်း မသိဘူး၊ သဘောထားလည်း ထင်ဟပ်ခြင်းမရှိဘူး။ ဒါပေမယ့် ဦးမြင့်သည် သမ္မတအကြံပေး ဖြစ်နေသည့်အတွက် အကြံပေး အဖွဲ့ကို ထိခိုက်နိုင်တဲ့သဘောမျိုး။ ဦးမြင့် အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီး နားလည်မှု အယူကောက်လွဲမှာစိုးလို့ပေါ့။ ဒီကိစ္စဟာ မူဝါဒရေးရာပိုင်းမှာ အရေးပါပြီးတော့ Sensitive ဖြစ်တဲ့အတွက် အထင်လွဲမှာစိုးလို့ ပြန်လည် ဖြေရှင်းတာပါ လို့ ပြောသွားပါတယ်” ဟု သတင်းထောက် လင်းဘိုဘို က ပြောသည်။
ရန်ကုန်မြို့“နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ရုံး”တွင် ပြုလုပ်ခဲ့သည့် ထိုရှင်းလင်းပွဲတွင် သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင် ကသာ အများဆုံး ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရသည်။
အင်တာနက် စာမျက်နှာများပေါ်တွင် ပြန့်နှံ့နေသည့် ထိုအိတ်ဖွင့်ပေးစာတွင် “ရန်ကုန်တက္ကသိုလ်၏ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေးအတွက် အဆိုပြုပါတယ်” ဟု ဦးမြင့်က ရေးသားသည်။
ထိုသို့ ရန်ကုန်တက္ကသိုလ်ကြီး၏ ဂုဏ်သိက္ခာ ပြန်လည်မြင့်မားရေးအတွက် ကျောင်းသားသမဂ္ဂ အဆောက်အဦးပြန်လည် တည်ဆောက်ရေးအတွက် ၁၉၈၈ ခုနှစ် မဆလ နောက်ဆုံး သမ္မတ ဒေါက်တာမောင်မောင်၏ ပြည်သူအား ပေးခဲ့သည့် ကတိကိုလည်း ဦးမြင့်က ထောက်ပြထားသည်။
၂၃ ပိုဒ်ရှိ ဦးမြင့်၏ စာပါ ပညာရေးတိုးတက်မြင့်မားရေး အခြားအဆိုပြုချက်များနှင့် ပတ်သက်၍လည်း သမ္မတအကြံပေး အဖွဲ့က ပြန်လည်ရှင်းလင်းသွားခဲ့ကြောင်း မဇ္စျိမ သတင်းထောက်က ပြောသည်။
“နိုင်ငံတော်အစိုးရအနေနဲ့ ပညာရေးစနစ်နဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်နေတာတွေ ရှင်းပြပါတယ်။ အိန္ဒိယနိုင်ငံကနေ အိုင်တီတက္ကသိုလ်တခု ဖွင့်လှစ်ပေးဖို့ သဘော တူညီထားတယ်။ မန္တလေးကနေ စစ်ကိုင်းကို ပြောင်းထားတဲ့ တိုင်းရင်းသား လူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်နေရာမှာ အဲဒီတက္ကသိုလ်ကို ဖွင့်မယ်။ ၂ဝ၁၃ မှာ စဖွင့်ဖို့ စီစဉ်နေတယ်။ မြန်မာပြည်က ဆရာတွေ well trained ဖြစ်ပြီးသွားရင်၊ လွှဲပြောင်းပေးမယ်ပေါ့။ တခြားစီမံကိန်းတွေ လည်း ပြောပြပါတယ်။ အားကစားကိစ္စ ဆိုရင်လည်း ဆီးဂိမ်းကိစ္စ ဘယ်လိုလုပ်ဖို့ စီစဉ်ထားပါတယ်။ စသဖြင့် ပြောသွား ပါတယ်” ဟု လင်းဘိုဘို က ပြောသည်။
ဦးမြင့်က “ရန်ကုန်တက္ကသိုလ်အား ဧရာဝတီမြစ်ကြီးနဲ့ နှိုင်းယှဉ်နိုင်ပါတယ်” ဧရာဝတီကို ကာကွယ်ရန် အတွက်လည်း စည်းလုံးသည့် ပြည်သူ့အင်အားနှင့် အစိုးရ၏ လူထုဆန္ဒကို လေးစားမှုကြောင့် ကောင်းမွန်သော ရလဒ်များ ရရှိနိုင်ခဲ့ကြောင်း ရေးသားထားသည်။
သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ ဦးမြင့်၏ တုန့်ပြန်ချက်အား သိရှိနိုင်ရန် မဇ္စျိမက ဆက်သွယ်ခဲ့ သော်လည်း ဦးမြင့်မှာ နေပြည်တော်သို့ ခရီးလွန်နေ၍ ဆက်သွယ် မရခဲ့ပေ။
သုံးသပ်သူများ၏ အဆိုအရ ဦးမြင့်မှာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နီးစပ်သူဖြစ်၍ ယခုကဲ့သို့ အကြံပေးအဖွဲ့တွင်း သဘောကွဲလွဲမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ယူဆကြသည်။