လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုကြောင့် စစ်ဆေးမေးမြန်းခံရသူ လေးဦး ပြန်လွတ်လာ

လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုကြောင့် စစ်ဆေးမေးမြန်းခံရသူ လေးဦး ပြန်လွတ်လာ
by -
မဇ္ဈိမ

မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ခြင်းကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင်နှင့် ဒေသခံ အနည်းဆုံး ၁ဝ ဦးခန့်ကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးခဲ့ပြီး မွန်လွဲပိုင်းမှာ စာရေးဆရာညီပုလေး အပါအဝင် NLD အဖွဲ့ဝင် လေးဦးတို့ုိ ပြန်လွတ်မြောက်လာသည်ဟု လွတ်လာသူများက ပြောသည်။

စာရေးဆရာ ညီပုလေး၊ မန္တလေး NLD မဟာအောင်မြေမြို့နယ်မှ ရွေးကောက်ပွဲ တာဝန်ခံ ဦးမြင့်စိုးနှင့် စည်းရုံးရေးမှူး ဦးဘကြီးအောင်နှင့် ဒေါ်ခင်သန်းမြင့်တို့ လေးဦးကို တဦးချင်းစီ ပြန်လွှတ်ပေးလိုက်သည်ဟု ခေါ်ယူစစ်ဆေးခံရသူ မဟာအောင်မြေမြို့နယ် စည်းရုံးရေးမှူး ဦးဘကြီးအောင်က ပြောသည်။

သူတို့ကို ယနေ့ နံနက် ငါးနာရီကျော်ချိန်တွင် သတင်းရဲတပ်ဖွဲ့ (အက်စ်ဘီ)နှင့် ရပ်ကွက်အာဏာပိုင်များက လျှှပ်စစ်မီး ရရှိရေး ဆန္ဒဖော် ထုတ်မှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်း စရာရှိသည်ဟုဆိုကာ နေအိမ်မှာ လာရောက်ခေါ်ဆောင် သွားကာ ၆၆လမ်းနှင့် ၁၂ လမ်းကြားရှိ အက်စ်ဘီ ရုံးတွင် စစ်ဆေးမေးမြန်းပြီး ယနေ့ ၁၂ နာရီချိန်တွင် ပြန်လည် လွတ်ပေးခဲ့ခြင်း ဖြစ်သည်။

“လျှပ်စစ်မီးရရှိရေးအတွက် လူထုအုံကြွမှုဖြစ်လာခြင်းကို မည်သူက စတင်လိုက်သလဲ၊ နောက်ခံ ဘယ်အဖွဲ့အစည်းများ ပါဝင်သလဲ၊ အဲဒါသိချင်တယ်။ အဲဒီအစကလေးရဖို့ ကျနော်တို့ကို ကူညီပါ။ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ လုပ်ချင်လို့ ပါလို့ ပြောတယ်။ ကျနော်ကလည်း မသိတဲ့အကြောင်း ပြောပြလိုက်တယ်။ ခေါင်းဆောင်ဘယ်သူဆိုတာလည်း မသိဘူးလို့ပြောလိုက်တယ်” ဟု ဦးဘကြီးအောင်က ပြောသည်။

 ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ)မှ အင်တာနက်ပေါ်တွင် လျှပ်စစ်မီးရရှိရေးနှင့် ပတ်သက်၍ တင်ပြီး ချိန်ဆက်လုပ်ဆောင်မှုများရှိသဖြင့် အဆိုပါ လုပ်ရပ်များသည် ၈၈ လူထု အုံကြွမှုဖြစ်သွားနိုင်သဖြင့် ထိန်းသိမ်း ကာကွယ်ကြရန်တို့ကို အက်စ်ဘီဘက်မှ ပြောဆိုခဲ့သည်ဟု ဦးဘကြီးအောင်က ပြောသည်။

“ဆန္ဒပြတဲ့ ခေါင်းဆောင်တွေက ဘယ်သူတွေလဲ၊ ဘယ်သူတွေ ဦးဆောင်လဲ၊ နောက်ကနေ ချီတက်လာပြီး ပြည်သူ တွေနဲ့ ပေါင်းပြီးတော့ ဆန္ဒပြတာလဲ။ ဗကသနဲ့ ပတ်သက်ပြိီးတော့ အင်တာနက်မှာ တွေ့နေတာတွေက မဖြစ်သင့် မဖြစ်ထိုက်ဘူး။ နောက်တချိန်မှာ အန္တရာယ် ဖြစ်လာနိုင်တယ် ဆိုတဲ့အကြောင်း၊ ၈၈ အရေးအခင်းလို လူထုအုံကြွမှု ဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းတွေ ပြောပါတယ်”ဟု သူက ဆက်ပြောသည်။

သူ့အနေဖြင့် မန္တလေးမြို့ တမြို့လုံး မီးရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်းနှင့် ယင်းတောင်းဆိုမှု ကို စိတ်ဝင်စားသူများ လက်မှတ်ထိုးသွားရန် ပြောဆိုနေသည်မှုများသာ ရှိကြောင်း သူက မဇ္စျိမကို ပြောသည်။

ကုန်စျေးနှုန်းကျဆင်းရေးအဖွဲ့နှင့် ပူးပေါင်းပါဝင်မှု ရှိမရှိမေးမြန်းခဲ့ပြီး ဦးဆောင်သူမဟုတ်ဘဲ ပါဝင်သူတဦး အဖြစ်သာ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ပြန်လည် ဖြေကြားခဲ့သည်ဟု လွတ်မြောက်လာသူ ဒေါ်ခင်သန်းမြင့်က ပြောသည်။

“အက်စ်ဘီက မေးစရာရှိလို့ပါလို့ ပြောတယ်။ ပထမတော့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိရင် မလိုက်ဘူးလို့ ပြောပေမဲ့ ရဝတ ဥက္ကဋ္ဌနဲ့ လာခေါ်တော့ လိုက်သွားတယ်။ မနေ့က ဆုတောင်းပွဲကိစ္စကို ပါဝင်လားလို့ မေးတယ်။ ပါဝင်တယ်လို့ ပြောလိုက်တယ်။ စီစဉ်သူမဟုတ်ဘူး။ သူတို့က စီစဉ်သူထင်လို့ စစ်ကြောရေးမေး တာ၊ ”ဟု ဒေါ်ခင်သန်းမြင့်က ပြောသည်။

သို့သော် ဖမ်းဆီးခံရသူ NLD မှ ဦးချစ်ရင်၊ ဦးစောလှအောင်၊ မေတ္တာကိန်ပိန်းမှ မအမာနီ၊ လူငယ်ကိုဝင်း ဇော်ဦးနှင့် ကဗျာဆရာ ဥက္ကာကျော်နှင့် ဒေသခံ သတင်းထောက် မင်းထက်ငြိမ်းချမ်းတို့ကို ခြောက်ဦး လွတ်မြောက်လာခြင်း မရှိသေးကြောင်း NLD တိုင်းစည်းရုံးရေးမှူး ကိုမျိုးနိုင်က ပြောသည်။

ထို့ပြင် ကုန်စျေးနှုန်းကျဆင်းရေးအဖွဲ့မှ အဖွဲ့ဝင် ကိုသိန်းအောင်မြင့်ကို မန္တလေး ၃၈ လမ်း၊ ၈၈ လမ်းထောင့် Unison လက်ဖက်ရည်ဆိုင်တွင် ယနေ့ မွန်းလွဲ ၂ နာရီခန့်က အက်စ်ဘီများက ထပ်မံ ဖမ်းဆီးသွားခဲ့သည်ဟု ညီဖြစ်သူ NLD လူငယ် ကိုသန်းဝင်း ခေါ် ကွာကြီးက ပြောသည်။

“ဆန္ဒပြခေါင်းဆောင်တွေကို ရှာနေတယ်ဆိုလို့ နေ့လည်ပိုင်းကျတော့ ကိုေစောလှအောင်က ကိုသိန်းအောင်မြင့် ဖုန်းကို ပေးလိုက်တယ်။ အဲတော့ အက်စ်ဘီက ဖုန်းဆက်လာတော့ အကိုက လက်ဖက်ရည်ဆိုင်ကို ချိန်းလိုက်တယ်။ အဲတော့မှ ခေါ်သွားတာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

အက်စ်ဘီမှ ခေါ်ယူစစ်ဆေးမေးမြန်းချက်ကို ထွက်ဆိုခြင်း မှန်ကန်ကြောင်း လက်မှတ်ထိုးခဲ့ရသည်ဟု ဦးဘကြီးအောင် က ပြောသည်။ တခြားသူများ ပြန်လည် လွတ်မြောက်လာခြင်း ရှိမရှိကို သူ့အနေဖြင့် မသိရကြောင်း သူက ဆိုသည်။

ယမန်နေ့ တနင်္လာနေ့ ည ရ နာရီမှ ၁၁ နာရီထိ ဆန္ဒဖော်ထုတ်မှုတွင် ချမ်းအေးသာစံမြို့နယ် တိုင်းလျှပ်စစ် ရုံးနှင့် ၂၆ လမ်းနှင့် ရ၈ လမ်းထောင့်တွင် လူအများဆုံးဖြစ်ပြီး မော်တော်ဆိုင်ကယ်ဖြင့် ဖယောင်းတိုင်များ ထွန်းညှိ၍ လှည့်ပတ်နေ သူများနှင့် ကျုံးပတ်လည်တွင် လမ်းလျှေက်သူများ စုစုပေါင်း အနည်းဆုံး ၅၀၀၀ အထက်ထိ ရှိမည်ဟု တိုင်းစည်းရုံးရေးမှူး ဦးမျိုးနိုင်က ပြောသည်။

မန္တလေးမြို့တွင် လျှပ်စစ်မီးရရှိမှု နည်းပါးသလို၊ လျှပ်စစ်မီးပျက်တောက်မှုများလည်း ရှိလာသဖြင့် မီးပုံမှန်ရရှိရေးအတွက် ပြီးခဲ့သည့် တနင်္ဂနွေနေ့မှစတင်၍ မြို့ခံ ပြည်သူများ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။

မန္တလေးတိုင်း ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးအောင်သန်းဦး အပါအဝင် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဒေါက်တာ မြင့်ဖြူနှင့် တိုင်းလျှပ်စစ် အင်ဂျင်နီယာ ဒေါ်အေးမင်းတို့က တနင်္ဂနွေနေ့ညက သတင်းစာ ရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်များ မေလ ၁၈ ရက်နေ့ ညတွင် ဖောက်ခွဲ ဖျက်ဆီးခံ ရသဖြင့် လျှပ်စစ်မီး ခွဲတမ်းလျော့နည်းကာ အလှည့်ကျပေးနေရခြင်း ကြောင့် ဖြစ်သည်ဟု ရှင်းလင်းခဲ့သည်။

သို့သော် မြို့ခံများကမူ ယင်းရှင်းလင်းချက်မှာ ဖြေရှင်းချက်တခုသာဖြစ်ပြီး လျှပ်စစ်မီးမကြာခဏ ပြတ် တောက်ခဲ့သည်မှာ လွန်ခဲ့သော သုံးလခန့်ကြာခဲ့ပြီ ဖြစ်ကြောင်း ဒေသခံများက မဇ္စျိမကို ပြောဆိုသည်။ လျှပ်စစ်တာဝါတိုင်များ ပျက်ဆီးမှုနှင့် ပတ်သက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တိုက်ခိုက်ဖျက်ဆီး မှုကြောင့် ဖြစ်သည်ဟု စွပ်စွဲထားသည်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့ခံများလည်း ယမန်နေ့က လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်အင်ဂျင်နီယာ ရုံးရှေ့တွင် ဖယောင်တိုင်မီးများ ကိုင်ဆောင်ကာ မြို့တွင်း လူစည်ကားရာနေရာများတွင် လှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့သလို၊ ယနေ့ ညနေ ၈ နာရီချိန်တွင်လည်း ထပ်မံ ဆန္ဒဖော်ထုတ်ရန် ရှိသည်ဟု မုံရွာမြို့ခံ တဦးက ပြောသည်။

Most read this week