မန္တလေးမြို့ခံတို့ လျှပ်စစ်မီးရရှိရေး ဆက်လက် တောင်းဆိုမည်

မန္တလေးမြို့ခံတို့ လျှပ်စစ်မီးရရှိရေး ဆက်လက် တောင်းဆိုမည်
by -
မဇ္ဈိမ

မန္တလေးမြို့ လျှပ်စစ်မီးရရှိရေးအတွက် မေလ ၂၁ ရက်နေ့ တနင်္လာညတွင် ဒုတိယမြောက် ဆက်လက် ဆန္ဒဖေါ်ထုတ်တောင်းဆိုကြဦးမည်ဟု မန္တလေးမြို့ခံများက မဇ္ဈိမကို ပြောသည်။

 facebook/Ko Zaw Gyi)

တနင်္လာနေ့ည ရ နာရီတွင် ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းလျှပ်စစ်ရုံးသို့သွားရောက်ကာ လျှပ်စစ်မီး ရရှိရေး ဆန္ဒဖေါ်ထုတ်ရန် ပြင်ဆင်နေကြသည်ဟုလည်း တနင်္ဂနွေနေ့ညက ပြုလုပ်ခဲ့သည့် ဆန္ဒဖေါ်ထုတ်ပွဲသို့ သွားရောက် ဆန္ဒထုတ်ဖေါ်ခဲ့သူ ချမ်းအေးသာစံမြို့နယ်နေ ကိုဇော်ကြီးက မဇ္ဈိမကို ပြောသည်။

“ဒီနေ့ညနေလည်း ကျနော်တို့ စီစဉ်ထားကြတယ်။ ဒီလိုပဲ ဆက်ပြီးတော့ ပြကြမယ်။ တိုင်းရုံးရှေ့မှာ ကျနော်တို့ ထပ်လုပ်ပါမယ်။ ဒီနေ့လူကတော့ မနေ့ကထက် ပိုများမယ်ထင်တယ်။ အကုန်လုံးက သိသွားပြီ လာကြမယ့်လူတွေ များတယ်။” ဟု ကိုဇော်ကြီးက ပြောသည်။

ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့ကြသူများက တိကျရှင်းလင်းသည့် အဖြေတခုရသည်အထိ ဆန္ဒဖေါ်ထုတ် သွားမည်ဖြစ်ပြီး ခွဲတမ်းကျမီးပေးစနစ်ဖြင့် မီးပေးမည် ဆိုပါကလည်း မီးပေးချိန်အတွင်းမီးမပြတ်စေလို ကြောင်း မဇ္ဈိမကိုပြောသည်။ တနင်္လာနေ့ ညနေ ၆ နာရီတွင် ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းလျှပ်စစ်ရုံးတွင် ပြည်သူသို့ လျှပ်စစ်မီးပေးဝေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားမည်ဟုလည်း တိုင်းလျှပ်စစ်ရုံး တာဝန်ရှိ သူတဦးက မဇ္ဈိမကိုပြောသည်။

ယခု လောလောဆယ်အခြေအနေတွင် မန္တလေးမြို့တွင် လျှပ်စစ်မီးရရှိသည့် အခြေအနေကို "မီးက ၆ နာရီ လာမယ်ပေါ့နော် ဒါပေမယ့် နာရီဝက်လောက်လာ၊ နာရီဝက်လောက် ပျက်နေတယ်။ နောက် ၁၅ မိနစ် နာရီဝက်လောက်လာလိုက် နာရီဝက်လောက်ပျက်လိုက်ဆိုတော့ သုံးရတဲ့လူကလည်း ဘယ်လိုမှ လုပ်မရဘူး။ ဘာအလုပ်မှ လုပ်လို့မရဘူ။ တခါတလေကျတော့ လုံးဝမလာဘူး။ တခါတလေကျတော့ ညနေ ၆ နာရီလာမယ်ဆိုပြီးတော့ ည ၁၁ နာရီလည်း မလာဘူး။" ဟု မဇ္ဈိမကိုပြောသည်။

ယင်းသို့သော အခြေအနေများကြောင့် တနင်္ဂနွေနေ့ညတွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၇ လမ်းမှစတင်ကာ ရ၇×၇၈ ကြား၊ ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းလျှပ်စစ်သို့ ဒေသခံ ၂ဝဝဝ ခန့် သွားရောက်ကာ ဖယောင်းတိုင် မီးထွန်းညှိ၍ ဆန္ဒဖေါ်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ထိုကဲ့သို့ ဆန္ဒဖေါ်ထုတ်ခြင်းကြောင့် မန္တလေးတိုင်း လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဒေါက်တာ မြင့်ကြူနှင့် တိုင်းလျှပ်စစ် အင်ဂျင်နီယာ ဒေါ်အေးမင်းတို့က တနင်္ဂနွေနေ့ ည ၉ နာရီခန့်တွင် အရေးပေါ် သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ရှင်းလင်းခဲ့ကြသည်။

သတင်းစာရှင်းလင်းမှုအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်များ မေလ ၁၈ ရက်နေ့ညတွင် ဖေါက်ခွဲ ဖျက်ဆီးခံရသဖြင့် လျှပ်စစ်မီး ခွဲတမ်းလျော့နည်းကာ အလှည့်ကျပေးနေရခြင်း ကြောင့် လျှပ်စစ်မီး ပြတ်တောက်ခြင်းဟု ရှင်းလင်းခဲ့ကြသည်။

သို့သော် ထိုသို့ဖြေရှင်းမှုမှာ အကြောင်းပြချက်တခုသာဖြစ်ပြီး မန္တလေးမြို့ လျှပ်စစ်မီး ရရှိမှုနည်းပါးနေသည်မှာ လွန်ခဲ့သော ၃ လတည်းက ဖြစ်သည်ဟုလည်း မြို့ခံများက မဇ္ဈိမကိုပြောသည်။ “လျှပ်စစ်မီးကတော့ မမှန်တာ ကြာပြီဗျ။ မီးစက်သံ ခင်ဗျားလည်း ကြားမှာပါ အခု မီးစက်နှိုးပြီးတော့ ကျနော်တို့ အလုပ်လုပ်နေရပါတယ်။ လုံးဝ နီးပါးကို မလာတာပါ။” ဟု လျှပ်စစ် ရရှိမှုအခြေအနေကို မန္တလေးမြို့ခံ စာရေးဆရာ ဦးကျော်ရင်မြင့်က ပြောသည်။

နမ့်ခမ်းမြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်များ တာဝါတိုင်များ ဖေါက်ခွဲ ခံခဲ့ရခြင်းကြောင့် ရန်ကုန်မြို့ရှိ စက်မှုဇုံများကို လျှပ်စစ် ဓာတ်အား ဖြတ်တောက်သွားမည်ဖြစ်ပြီး ပြည်သူသို့လည်း မေလ ၂၁ ရက်နေ့ (ယနေ့)မှ စတင်၍ အလှည့်ကျ မီးပေး စနစ်ဖြင့် အုပ်စု သုံးစုခွဲကာ တအုပ်စုလျှင် ၆ နာရီ လျှပ်စစ်အား ပေးဝေသွားမည်ဟု ရန်ကုန်မြို့ လျှပ်စစ်ပေးဝေရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ယခုလ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

လျှပ်စစ်တာဝါတိုင်များ ပျက်စီးမှုနှင့် ပတ်သက်၍ ကေအိုင်အို (ကချင် လွတ်မြောက်ရေးအဖွဲ့)၏ တိုက်ခိုက်မှုကြောင့်ဟု နိုင်ငံပိုင် သတင်းစာများက ယခုလ ၁၉ ရက်နေ့တွင် စွပ်စွဲရေးသားသည်။ ထိုဖေါက်ခွဲမှုတွင် ရွှေလီ-မန်စံ မဟာ ဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် ရ၃၊ ၂ဝ၆၊ ၂ဝ၇၊ ၂ဝ၈ တို့ ပျက်စီးခဲ့ပြီး မြန်မာနိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှု လျော့နည်းသွားမည်ဟုလည်း သတင်းစာက ရေးသားသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ကေအိုင်အို (ကချင် လွတ်မြောက်ရေးအဖွဲ့)သို့ မဇ္ဈိမအနေဖြင့် ဆက်သွယ်၍ မရပါ