မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီ ပါတီတို့၏ နှစ်ပါတီ ပေါင်းစည်းရန် ဆုံးဖြတ်ချက် ချမှတ်ပြီးသော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအတွင်း သဘောထားတင်းမာနေသူ အချို့ကြောင့် ပေါင်းစည်းရန် ခက်ခဲ နေသေးကြောင်းနှင့် ပေါင်းစည်းရေးအတွက် တာဝန်ပေးအပ်ထားသည့် ကိုယ်စား လှယ်များကိုလည်း ရုပ်သိမ်းရန် သဘောထား ရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့ မွန်ဒေသလုံးဆိုင်ရာ ပါတီမှာ မပေါင်းဖို့ သဘောထား ပြင်းထန်တဲ့ အဖွဲ့ဝင်တွေက အပေါ်စီး ရထား တယ်၊ သဘောထား တင်းမာနေတဲ့ လူတွေဘက်က တစ်ပါတီထဲ ဖြစ်အောင် ပေါင်းစည်းဖို့ ဖွဲ့ထားတဲ့ ကော်မတီကို တောင် ဖျက်ပစ်ချင်တဲ့ သဘောထား ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အချိန်ယူရမှာ။ မပေါင်းချင်တဲ့ လူတွေပေါင်းချင်တဲ့ အခြေအနေမျိုး ရောက်လာသည် အထိ ဆွဲခေါ်ပြီး စည်းရုံးသွားဖို့ ရှိပါတယ်” ဟု မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီခေါင်းဆောင် နိုင်ငွေသိန်းမှ ပြောသည်။
မေလ (၂ဝ) ရက်နေ့က နှစ်ပါတီ ပြန်လည် ပေါင်းစည်းရေးအတွက် သံဃာပျိုများအဖွဲ့မှ ကမကထ ပြု၍ သံဖြူဇရပ်မြို့ နန္ဒဝန် ဘုန်းကြီးကျောင်း၌ ခေါ်ယူခဲ့သည့် နှစ်ပါတီ ပေါင်းစည်းရေး၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးသို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ကိုယ်စားလှယ်များ မတက်ရောက်ခဲ့ပေ။
မွန်နှစ်ပါတီအား ၂ဝ၁၄ ခုနှစ် မကုန်မီ ကြားအမည်ဖြင့် ပါတီ တစ်ခုထဲ ဖြစ်စေရန် ပေါင်းစည်း နိုင်ရေးအတွက် အချက် (၄) ချက်ပါသဘော တူညီချက်ကို ဧပြီလ (၂၂) ရက်နေ့က မော်လမြိုင်မြို့တော်ပေါ်တန်းရှိ သာသနာ (၂၅ဝဝ) စေတီတော်ရှိ ဇရပ်၌ အစည်းအဝေး ဆုံးဖြတ်ကာ နှစ်ပါတီလုံးမှ ကိုယ်စားလှယ်များ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ၂ဝ၁၄ ခုနှစ် မကုန်မီ ပေါင်းစည်းနိုင်ရန် ရည်ရွယ်ချက် ထားရှိခဲ့ကြသည်။
အဆိုပါ မွန်ဒီမိုကရေစီ ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့၏ ၂ဝ၁၄ ခုနှစ်တွင် ပြန်လည် ပေါင်းစည်းရေး အတွက် ဆုံးဖြတ်ချက်အား ကြိုဆို ထောက်ခံကြောင်းနှင့် လိုအပ်ပါက မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU) အနေနှင့် ပါဝင် ကူညီရန်အတွက် MAU မှလည်း မေလ (၈) ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက် ထုတ်ပြန် ကြေငြာခဲ့သည်။
“ကျွန်တော်တို့ အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ပေါင်းစည်းစေချင်တဲ့ သဘောထား ပြုတာပါ။ မွန်ဒေသဘက်က လက်ရှိ အမတ်တွေ လွှတ်တော်ဝန်ကြီးတွေ စတဲ့ အသီးသီးမှာ နေရာရထားတော့ သူတို့အနေနဲ့ နိုင်ငံရေး Role အရ မာနလေးတွေ ရှိနေတာတော့ လက်ခံပါတယ်။ ဒါပေမယ့် ဒီပေါင်းစည်းရေးဟာ အမျိုးသား စည်းလုံး ညီညွှတ်ရေး အတွက်ပါ။ ခံယူချက်ခြင်း မတူပေမယ့် ပေါင်းစည်းလို့ ရနိုင်မယ့် နည်းလမ်းတွေတော့ ရှိပါတယ်။ ကျွန်တော်တို့ MAU အနေနဲ့လည်း ပေါင်းစည်း နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ဒီအကြိမ် ညှိနှိုင်း အစည်းအဝေးမှာ မွန်ဒေသ ဘက်က ကိုယ်စားလှယ်တွေ မတက်ရောက်နိုင်ရင် နောက်အကြိမ်တွေမှာ တက်ရောက်နိုင်ဖို့နဲ့ ပေါင်းစည်း ဖို့အတွက် နည်းလမ်းတွေ ရှာကြံနိုင်အောင် ကျွန်တော်တို့ ကြိုးစား သွားမှာပါ” ဟု မွန်ပြည်သစ်ပါတီ စစ်ဘက်ဆိုင်ရာ အကြံပေးနှင့် MAU ၏ သဘာပတိအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူ နိုင်ကောင်းတလရွတ်က ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဘက်မှ ပေါင်းစည်းရေးအတွက် သဘောထား တင်းမာနေသူများက ခံယူချက်မဲ့ ပေါင်းစည်းရေး ဖြစ်မည်ကို စိုးရိမ်လျက် ရှိနေသည်။ မွန်ဒီမိုကရေစီ ပါတီကမူ မိမိတို့ဘက်မှ ပေါင်းစည်းရေးအတွက် အမြဲ တံခါးဖွင့် ကြိုဆိုလျက် ရှိသည်ဟု ဆိုသည်။ သံဃာတော်များနှင့် မွန်ပြည်သူများကလည်း နှစ်ပါတီပေါင်းစည်းရေး အတွက် ထောက်ခံ အားပေးလျက် ရှိသည်။ သို့သော် ယခုအခြေအနေတွင် သဘောထားကွဲပြားမှုများ ရှိနေသဖြင့် ပေါင်းစည်းရန် ညှိနှိုင်းမှုမှာ အချိန်ပိုမို ကြာမြင့် နိုင်ဖွယ် ရှိကြောင်း အကဲခတ်များက သုံးသပ် ကြသည်။