စစ်ကိုင်းတိုင်း မုံရွာခရိုင် ကနီမြို့နယ်အတွင်း သောက်သုံးရေကန်များ ရေခန်းခြောက်လာ သဖြင့် ဒေသခံတို့ ယခုလဆန်းပိုင်းမှစ၍ သောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ကနီမြို့ခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD တာဝန်ခံ ကိုသိန်းထွေးက ပြောသည်။
ကနီမြို့နယ် မုံရွာ-ကလေးဝ ကားလမ်းရှိ မိုင်တိုင် ၂ဝ မှ ၃၅ အကြားနေထိုင်နေရသည့် ဒေသခံ တောင်သူ အိမ်ခြေ ၅ဝဝ ကျော် ပုံမှန် အသုံးပြုနေသာ သောက်သုံးရေကန်မှ ရေခန်းခြောက်ခဲ့သဖြင့် နှစ်မိုင်ခန့်အကွာရှိ အဝိစိတွင်းရှိရာသို့ သွားရောက်ကာ ခပ်ယူသောက်သုံး နေကြရသည်ဟု ဆိုသည်။
“မနေ့က ကျနော်တို့ သွားကြည့်လိုက်တော့ အမှန်တကယ်ကို ရေပြတ်နေတယ်။ နေပူထဲမှာ တန်းစီစောင့်ပြီး လက်ယက်တွင်းကနေ စိမ့်လာတဲ့ ရေကို ခပ်နေရတယ်။ ငါးဂါလံဝင်တဲ့ ပုံးလေးတပုံးရဖို့ကို တနာရီလောက် ကြာ ခပ်ရတယ်။ ကျနော်တို့သွားကြည့်တော့ စိတ်မကောင်းဘူး။”ဟု ကနီမြို့ခံ ကိုသိန်းထွေးက မဇ္စျိမကို ပြောသည်။
တင်ဝင်းထွန်း ကုမ္ပဏီနှင့် သန္တာအေးအောင် ကုမ္ပဏီတို့မှ ယင်းတို့၏ သရက်ပင်စိုက်ခင်းများ ရေလောင်းရန် ဒေသခံတို့ ခပ်ယူသောက်သုံးနေသည့် ရေကန်မှရေကို ကားကြီးများဖြင့် နေ့စဉ် စုပ်ယူသုံးစွဲနေသဖြင့် ယခုကဲ့သို့ ရေမလုံလောက် သည့် ပြဿနာ ကြံုတွေရခြင်း ဖြစ်သည်ဟု ကနီမြို့ခံ ကိုသိန်းထွေးက မဇ္စျိမကို ပြောသည်။
ထို့ပြင် ဒေသခံ တောင်သူများ ကနဦး လုပ်ကိုင်နေသည့် လယ်မြေ၊ ယာမြေများကို အဆိုပါ ကုမ္ပဏီများက သိမ်းယူခဲ့ သဖြင့် တောင်သူများအား နှင်ထုတ်လိုသည့် ရည်ရွယ်ချက်ဖြင့် ထိုကဲ့သို့ သောက်သုံးရေ ပြတ်လပ်ရန် လုပ်ဆောင်ခြင်း ဟု ဒေသခံများ၏စွပ်စွဲချက်ကို ကိုသိန်းထွေးက မဇ္ဈိမကို ပြန်လည်ပြောပြသည်။
ထိုဒေသများတွင် အဝိစိတွင်းတူးမည်ဆိုပါက အနက်ပေ ၆ဝဝ ကျော်တူးဖော်ရပြီး ကုန်ကျငွေ ကျပ်သိန်း ၂ဝဝ ခန့်ရှိနိုင်သဖြင့် တူးဖော်ရန် ခက်ခဲနေပြီး အလှူငွေများ ရှာဖွေရန် ကြိုးစားမည်ဟု ကိုထွေးသိန်းက ပြောသည်။
မုံရွာခရိုင် NLD အဖွဲ့ဝင်များက အင်္ဂါနေ့ ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာ NLD ရုံးဖွင့်ပွဲ သွားခဲ့စဉ် အဆိုပါ တောင်သူများ ရေပြတ်သည့် ပြဿနာကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု မုံရွာမြို့ လူမှုအထောက် အကူပြုအဖွဲ့မှ အဖွဲ့ဝင် ကိုဇော်မင်းကပြောသည်။
“ကျနော်တို့ ကိုယ်တွေ့ တွေ့ခဲ့ရတယ်။ မိုင်တိုင် ၂၈၊ ၂၉ မိုင်၊ မိုင် ၃ဝ မှာ နေကြတဲ့ လူတွေက ၃၂ မိုင်ထိကို သွားပြီးတော့ လှည်းတွေနဲ့ သွားပြီးတော့ ရေခပ်ရတယ်။ ၁ဝ ပိဿာပုံးတပုံးကို တနာရီလောက်ကြာ ခပ်နေရတယ်။ တချို့ဆိုရင် ၃ မိုင်၊ ၄ မိုင် လောက်အဝေးမှာ သွားခပ်တယ်။ အဲဒီက ရွာသားတွေက နောက်သုံး၊ လေးရက်လောက် ဆိုရင် ရေအငတ်ဘေးနဲ့ ကြံုရတော့မယ်။ ဒါကြောင့် အမြန်ဆုံး စီစဉ်နေတာ။”ဟု သူက မဇ္ဈိမကို ပြောသည်။
လာမည့် မေ ၁၈ ရက်နေ့မှာ မုံရွာမြို့နယ်နှင့် ကနီမြို့နယ် NLD အဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍သောက်သုံးရေကို ကားဖြင့် သွားရောက် လှူဒါန်းမည် ဖြစ််ပြီး နေ့စဉ် မိသားစုတစုလျှင် ၂ဝ ဂါလံစာ သွားရောက် လှူဒါန်းပေးမည် ဖြစ်သည်။
ကိုယ်ပိုင်အလှူငွေများ ၁ သိန်း ရရှိထားပြီးဖြစ်သလို၊ ငါးဂါလံဆန့် ပလတ်စတစ်ပုံးခွံ ၃၀၀ ခန့်တွင် ရေဖြည့်ကာ လာမည့် မေလ ၁၈ ရက်နေ့မှာ သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။
မုံရွာမြို့နယ် လူငယ်များက ယခင်နှစ်များတွင် ရေပြတ်ခြင်း မရှိခဲ့သလို ယခုနှစ် ရေပြတ်လတ်ရခြင်းမှာ ရာသီဥတုကြောင့် မဟုတ်ဘဲ အဆိုပါ ကုမ္ပဏီများ၏ ရေအများအပြား အသုံးပြုခြင်းကြောင့် ဖြစ်သည်ဟု မုံရွာမြို့လူငယ် ကိုဇော်ဘုန်းမြင့်က ပြောသည်။
“အရင်နှစ်တွေ ဒီလို ရေမခန်းဘူး။ ဒီနှစ်မှ နေ့တိုင်းသယ်ယူတယ်။ သရက်ပင်တွေ ရေလောင်းဖို့ ဘောက်ဆာနဲ့ သယ်ယူပြီး ဖြန်းတယ်။ ပူပြင်းလို့ ခြောက်တာ မဟုတ်ဘူး။ သူတို့ မခတ်တဲ့ ရေကန်ရှိတယ်။ ဒီမှာက သောက်ရေ၊ သုံးရေ၊ ချိုးရေကန် ရှိတယ်။ ဒါပေမဲ့ ချိုးရေကန်က ရေမခန်းဘူး။ ဒါက ရာသီဥတုပူလို ခန်းခြောက်တာ မဖြစ်နိုင်ဘူး”ဟု သူက မဇ္စိိျမကို ပြောသည်။
၁၉၉၈ -၁၉၉၉ ခုနှစ်က ဒေသခံတောင်သူများက တောရိုင်းများကို ခုတ်ထွင်ရှင်းလင်းပြီး ပဲစိမ်းငုံ၊ ပဲနီစမ်း၊ နှမ်းများ စိုက်ပျိုးခဲ့ရာမှ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်တွင် တင်ဝင်းထွန်းနှင့် သန္တာအေးအောင် ကုမ္ပဏီက သိမ်းယူကာ သရက်ပင်များ စိုက်ပျိုးထားသည်ဟု သိရသည်။ သန္တာအေးအောင်ကုမ္ပဏီသည် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး၏ သမီး၏ ကုမ္ပဏီ ဖြစ်သည်ဟု သိရသည်။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ကုမ္ပဏီအား ဆက်သွယ်မေးမြန်း၍ မရခဲ့ပါ။