ရခိုင်ပြည်နယ်၊ သံတွဲကမ်းခြေရှိ အများပြည်သူပိုင် အပန်းဖြေနေရာအား တိုင်းမှုးဟောင်း ကတော်တဦးက ပိုင်ဆိုင်ကြောင်း ပြောဆိုလာသဖြင့် ဒေသခံများက မကျေနပ်၍ သမ္မတဦးသိန်းစိန်ထံ ကန့်ကွက်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
နပခ တိုင်းမှုးဟောင်း ဗိုလ်ချုပ်သောင်းအေး၏ ဇနီးဖြစ်သူ ဒေါ်သင်းမျိုးမျိုးအောင် က မြေနေရာ ၄၇၅ ပေ အကျယ်အဝန်း ရှိ ပင်လယ်ကမ်းခြေ မြေကွက်အား သူမ၏ အမည်ပေါက်ဖြင့် ပိုင်ဆိုင်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှုး ဦးအောင်မြတ်ကျော် မှတဆင့် ခေါ်ယူပြောဆိုလာမှုအား ဒေသခံများက ကန့်ကွက်ကြခြင်း ဖြစ်သည်။
သံတွဲမြို့နယ်၊ မြဇင်ကျေးရွာအုပ်စု၊ လင်းသာကျေးရွာအုပ်စုတို့မှ ရွာသား ၆၅ ဦးက ကန့်ကွက်ကြခြင်း ဖြစ်သည်။
“မေ ၉ ရက်နေ့က ကန့်ကွက်စာကို အမြန်ချောပို့စနစ်နဲ့ သမ္မတကြီးဆီ ပို့ထားပါတယ်။ အဲဒီမြေကွက်ကို ဒေါ်သင်းမျိုးမျိုးအောင်က အပိုင်ယူတာကြောင့် ကန့်ကွက်ရတာဗျ။ ဒေသခံပြည်သူတွေရဲ့ အများပြည်သူပိုင် နေရာ အမှန်ပါဗျာ။ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးတွေလည်း ကျနော်တို့ဘက်မှာ ပါပါတယ်ဗျ” ဟု လင်းသာရွာမှ ဦးဝဏ္ဏ က မဇ္စျိမကို ပြောသည်။
မြေကွက်မှာ ကျေးရွာအုပ်စုနှစ်ခုအကြား ကမ်းခြေစပ် ၄၇၅ ပေအရှည် ကမ်းပါးစောင်းဘေး ကပ်လျက်တွင် တည်ရှိပြီး ဒေသခံအချို့မှာ လာရောက် အပန်းဖြေသူများအပေါ် အားထားကာ ထိုမြေကွက်တွင် စျေးရောင်းချခြင်းဖြင့် အသက်မွေးကြကြောင်း သိရသည်။
အဆိုပါ မြေကွက်ဘေး ပတ်လည်တွင် ဟိုတယ် အမြောက်အများရှိသော်လည်း ပင်လယ်ကမ်းခြေသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံတဝှမ်းမှ အများပြည်သူများ နားနေရန်သင့်တော်သည့် အခမဲ့ အပန်းဖြေနိုင်သည့်နေရာ ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့မှာ စာရွက်စာတမ်း အပြည့်အစုံ ရှိပါတယ်။ ကျနော်တို့မြို့သူမြို့သားများက သက်ဆိုင်ရာမှာ တောင်းတဲ့ အတွက်ကြောင့် အဲဒီတုန်းက ခယက ဥက္ကဋ္ဌ ဗိုလ်မှုးကျော်ဆန်း က ဒီနေရာလေးကို အများပြည်သူ အပန်းဖြေဖို့ သတ်မှတ်ပေးထားတာဗျ” ဟု ဦးဝဏ္ဏ က ဆက်လက်ပြောပြသည်။
ထို့ပြင် ကန့်ကွက်ကြသူများထဲတွင် မြို့သူမြို့သား ၂၉ဝ ခန့်လည်း ထပ်မံပါဝင်လာကြရန်ရှိပြီး အခက်အခဲရှိပါက ရင်ဆိုင်သွားမည် ဖြစ်ကြောင်းလည်း ဦးဝဏ္ဏ က ပြောဆိုသွားသည်။