မြစ်ဆုံဆည် ပြန်ဆောက်ရေး CPI စည်းရုံးရေး ဗီဒီယို မြန်မာပြန်ထွက်ရှိ

မြစ်ဆုံဆည် ပြန်ဆောက်ရေး CPI စည်းရုံးရေး ဗီဒီယို မြန်မာပြန်ထွက်ရှိ
by -
မဇ္ဈိမ

မြန်မာ ပြည်သူအများက ကန့်ကွက်ခြင်းခံရသည့် မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများအား တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း CPI မှ စည်းရုံးပြောကြားချက် ဗီဒီယို မှတ်တမ်းတခုကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG က မြန်မာဘာသာသို့ ပြန်ဆိုကာ တနင်္လာနေ့က ဖြန့်ချိလိုက်သည်။

ဧပြီလ ၁၈ ရက်နေ့က အောင်မြင်သာ ကျေးရွာရှိ ဒေသခံအချို့နှင့် CPI ကုမ္ပဏီ တွေ့ဆုံမှု ဗီဒီယိုမှတ်တမ်းမှ CPI အရာရှိ LU Qizhou  တရုတ်ဘာသာဖြင့် ပြောဆိုမှုကို မြန်မာဘာသာ ပြန်ဆိုပေးထားခြင်း ဖြစ်သည်။

“မြစ်ဆုံစီမံကိန်း ဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒီရွာမှာ အကျိုးအရရှိဆုံးပေါ့။ ဒီ မြန်မာနိုင်ငံဟာ အကျိုးအရရှိဆုံးနိုင်ငံ ဖြစ်လာမယ်ဗျ။ အခုကျနော်တို့ စီမံကိန်း ဆိုင်းင့ံတဲ့အတွက် အစစအရာရာ အဆင်မပြေဘူး ဖြစ်လာတယ်။ နောက်ပိုင်း ဒီစီမံကိန်း ပြန်စမယ်။ အကုန်လုံး ကောင်းကောင်းမွန်မွန်ဖြစ် လာမယ်။ စီမံကိန်း အကောင်အထည် ဖော်တဲ့အချိန် ဒီရွာထဲမှာ ရှိတဲ့ ရွာသားတွေရော အကုန်လုံး Site ထဲ ဝင်သွားလို့ ရပါတယ်။ ပြီးရင် လူဦးရေ နှစ်သောင်းကျော်ကျော် က ဘေးနားမှာ ဆိုင်ဖွင့်လို့ ရပါတယ်။ စီမံကိန်းထဲမှာ စီးပွားရေးလုပ်လို့ ရတယ်။ နောက်ပိုင်း ဒီစီမံကိန်းပြီးရင် စက်ရုံထဲမှာ အလုပ်လုပ်လို့ ရမယ်” ဟု LU Qizhou ၏ အပြောကို စကားပြန်က ဘာသာပြန်ပေးထားသည်။

ထို့ပြင် “မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးဟာ လုံးဝစိတ်ချရပါတယ်လို့ ဒီနေရာမှာ အာမခံပါတယ်”ဟု CPI အရာရှိက ထပ်မံ ပြောဆိုသွားသည်။

စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်္ဘာလအတွင်း သမ္မတ အမိန့်ဖြင့် ၂၀၁၅ ခုနှစ်အထိ ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

မစ္စတာ LU Qizhou က ဘရာဇီးနိုင်ငံ၏ အနောက်တောင်ဘက်ရှိ အီတိုင်ပု-Itaipu ရေကာတာ စီမံကိန်းအား သူသွားရောက်လေ့လာပြီး ပြန်လာခဲ့ကြောင်းနှင့် အဆိုပါ စီမံကိန်း မစတင်မီ စီမံကိန်းအနီး အလွန်ဆင်းရဲသည့် လူဦးရေ တသောင်းမှာ ရေကာတာ ဆောက်ပြီးနောက် ဘရာဇီးနိုင်ငံတွင် အချမ်းသာဆုံးမြို့တမြို့ ဖြစ်လာခဲ့ကြောင်း လက်ရှိ လူဦးရေ သုံးသိန်းထိ တိုးလာသည်ဟု စကားပြန်မှတဆင့် ပြောဆိုထားသည်။

စီမံကိန်းကြီး ပြီးဆုံးပါက လူနေမှုအဆင့် မြင့်မားလာကာ မြစ်ဆုံ၏ အထက်ပိုင်း ရေကန်ကြီး ဖြစ်လာကာ ယခင်ထက် ရှုခင်းပိုမိုလှပကာ ကမ္ဘာလှည့်ခရီးသည်များ ပိုမိုရောက်ရှိလာနိုင်မည်ဟု သူက ပြောဆိုခဲ့သည်ဟု ဗီဒီယိုမှတ်တမ်းအရ သိရသည်။

အောင်မြင်သာကျေးရွာမှ ဒေသခံတဦးကလည်း “စီမံကိန်းကို ပြန်ဆောက်မယ်ဆိုရင် မင်းတို့အတွက် တိုးတက်လမ်း အများကြီးရှိတယ်ဆိုပြီး စည်းရုံးသွားတယ်။ မင်းတို့ အပေါ်မှာပဲ မူတည်တယ်။ မင်းတို့ စကားတချက်ဆိုရင် ကျနော်တို့ ဆက်ဆောက်သွားလို့ ရတယ်။ မင်းတို့ စဉ်းစားကြပါ”ဟု မစ္စတာ LU Qizhou ၏ စကားကို ပြန်ပြောပြသည်။

အဆိုပါ CPI နှင့် ဒေသခံတွေ့ဆုံပွဲ ဗီဒီယိုမှတ်တမ်းအား ဖြန့်ချိရခြင်းမှာ CPI အနေဖြင့် မြစ်ဆုံရေကာတာ စီမံကိန်းအား ဆက်လက် လုပ်ဆောင်သွားရန် ရည်ရွယ်ချက် ရှိနေသေးသည်ကို သိရှိကြစေရန် ဖြစ်သည်ဟု KDNG မှ ဒုတိယ တာဝန်ခံ ဆားဂျီ က ပြောသည်။

“အစိုးရက ရပ်ဆိုင်းထားပေမယ့် သူတို့က ထပ်လုပ်ချင်တဲ့ ဆန္ဒရှိနေတယ်ဆိုတာကို အများသိအောင် ထုတ်ပြန်ရတာပဲ။ CPI က ရေကာတာကို လုပ်ချင်နေတယ်။ ဒေသခံ ရွာသားတွေက CPI လုပ်တာကို လက်ခံတယ်ဆိုပြီး လိမ်ညာပြီးတော့ စည်းရုံးနေတာ”ဟု မဇ္စျိမကို ပြောသည်။

မြစ်ဆုံစီမံကိန်းရှိ တန်ဖဲကျေးရွာအနားရှိ တန်ဖဲချောင်းတံတားကိုမူ ဆက်လက် ဆောက်လုပ်နေဆဲ ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ထို့ပြင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ CPI ရုံးတွင် ဝန်ထမ်းများ ရှိနေသေးပြီး စက်ပစ္စည်းများ ရှိနေသေးကြောင်း သူက ဆက်ပြောသည်။

မေလ ၅ ရက်နေ့ကလည်း တရုတ်စီးပွားရေး ရင်းနှီးမြှုပ်နှံရေးအဖွဲ့တခုမှ တရုတ် အမျိုးသမီးတဦးကလည်း အောင်မြင်သာမှ ရပ်မိရပ်ဖ ငါးဦးကို ခေါ်ယူ၍ မြစ်ဆုံအား မည်သည့်အတွက်ကြောင့် ကန့်ကွက်သည်ဆိုသည့် မေးခွန်းများအား မေးမြန်းခဲ့သည်ဟု ဆိုသည်။

CPI တာဝန်ရှိသူက အောင်မြင်သာ ရွာသားများအား တနှစ်စာ ဆန်ထောက်ပံ့မည်ဟု ပြောဆိုထားသော်လည်း ယနေ့ထိ ထောက်ပံ့ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

KDNG သည် တရုတ်-မြန်မာ နယ်စပ်တွင် အခြေစိုက်ပြီး မြစ်ဆုံ စီမံကိန်းကြောင့် သဘောဝ ပတ်ဝန်းကျင် ထိခိုက်သဖြင့် စီမံကိန်း ရပ်ဆိုင်းရေးကို တောင်းဆိုနေသော အဖွဲ့တခု ဖြစ်သည်။

Most read this week