ကုလားတန် ပရောဂျက် အခက်တွေ့နေ

ကုလားတန် ပရောဂျက် အခက်တွေ့နေ
by -
မဇ္ဈိမ

အိန္ဒိယ-မြန်မာ ဖက်စပ် အကောင်အထည် ဖော်နေသော ကုလားတန်မြစ်ကြောင်း ဘက်စုံပို့ဆောင်ရေး စီမံကိန်းတွင် အခက်အခဲ ကြံုတွေ့နေရကြောင်း သိရှိရသည်။

Kaladanproject

၂ဝဝ၈ ခုနှစ်ကတည်းက စတင်ခဲ့သည့် အဆိုပါ စီမံချက်မှာ အိန္ဒိယ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင် ရွက်မှုနှင့် သတင်းဖလှယ်မှု အားနည်းချက်များကြောင့် အခက်တွေ့နေရခြင်း ဖြစ်သည်ဟု The Hindu သတင်းစာကြီးတွင် ဖော်ထုတ် ရေးသားထားသည်။

ကုလားတန်မြစ်၏ လက်တက်များဖြစ်ကြသည့် အိန္ဒိယနိုင်ငံအတွင်းရှိ Chhimtuipui နှင့် Lungleng တို့တွင် ရေအား လျှပ်စစ် စီမံကိန်းများ တည်ဆောက်နေသည်ကို အိန္ဒိယ စွမ်းအားဝန်ကြီးဌာနက အသိမပေးခဲ့ပေ။

အိန္ဒိယ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ သီတင်းပတ် အနည်းငယ်အလိုမှပင် စွမ်းအားဝန်ကြီးဌာနက နိုင်ငံခြားရေး ဝန်ကြီးဌာနအား အသိပေးကာ ဤကိစ္စ မြန်မာအစိုးရနှင့် ကိုယ်တွယ်ဆွေးနွေးရန် တင်ပြလာခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာပြည်တွင်း လမ်းကြောင်းအရှည်ကို တွက်ချက်မှုရာတွင်လည်း လျှော့တွက်မိခဲ့သည်ဟု ဆိုသည်။

ထိုရေအားလျှပ်စစ် စီမံကိန်းများကြောင့် ကုလားတန် ပရောဂျက်အပေါ် သက်ရောက်နိုင်မှုများအား စုံစမ်းရဦးတော့မည် ဖြစ်သည်။ ကုလားတန်မြစ်အတွင်း သင်္ဘောများ ခုတ်မောင်းသွားလာနိုင်ရန်အတွက် လိုအပ်သည့် ရေပမာဏကို ထိုမြစ်လက်တက်များမှ ရရှိနိုင်မှုကို တွက်ချက်ကြည့်ရှုရဦးမည် ဖြစ်သည်။

ထိုသို့မရရှိနိုင်ပါက လုပ်ဆောင်ဖွယ်ရာ အများအပြား လိုအပ်လာမည် ဖြစ်သည်။ လက်ရှိ အနေအထား အရကိုပင် ငွေကုန်ကြေးကျ ပိုများမှုနှင့် နှောင့်နှေးကြန့်ကြာမှုများ ရှိနေသည့်အထဲ ပြန်လည် အကဲဖြတ်မှုကို မြန်ဆန်စွာ ပြုလုပ်ခြင်းနှင့် ဘဏ္ဍာငွေ ထပ်မံပေးအပ်ခြင်းတို့ မပြုနိုင်ပါက ၂ဝ၁၃ ခုနှစ်တွင် အပြီးသတ်ရန် ရည်ရွယ်ထားသည့် ကုလားတန် ပရောဂျက်မှာ နှောင့်နှေးကြန့်ကြာမှုများ ရှိနေဦးမည်ဟု The Hindu က ရေးသားထားသည်။

ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတဆင့် ကုန်စည်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုစီမံကိန်းသည် ကုလားတန်မြစ်ကိုချဲ့ကာ စစ်တွေမှ ပလက်ဝသို့ ပင်လယ်ကူး သင်္ဘောများ ဝင်ရောက်မည်ဖြစ်ပြီး ပလက်ဝမှ ချင်းပြည်နယ်ကိုဖြတ်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖြင့် ဆက်သွယ်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၂ဝ ကျော် ကုန်ကျမည့် ကုလားတန် စီမံကိန်းကို အိန္ဒိယနှင့် မြန်မာအစိုး ရတို့က ၂ဝဝ၈ ခုနှစ် ဧပြီလတွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး အိန္ဒိယ Essar ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက် ရှိသည်။ ထိုစီမံကိန်းအတွက် တည်ဆောက်ရေး လုပ်ငန်းများ ၂ဝဝ၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၂ဝ၁၃ တွင် အပြီးသတ်ရန် လျာထားသည်။

Most read this week