တရုတ်ထံ ရောင်းပြီး လျှပ်စစ် ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးဆို

တရုတ်ထံ ရောင်းပြီး လျှပ်စစ် ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးဆို
by -
မဇ္ဈိမ

ရန်ကုန်တိုင်းတွင်း လျှပ်စစ်မီး ပြည့်ဝစွာ ရရှိစေရေးအတွက် ယခင်က တရုတ်နိုင်ငံသို့ ရောင်းချ ထားသော လျှပ်စစ်ဓါတ်အားများထဲမှ မဂ္ဂါဝပ် ၁၀၀ ကို ပြန်ဝယ်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက လွှတ်တော်ကိုယ်စားလှယ်များကို ဖြေကြားလိုက်သည်။

ရန်ကုန်တိုင်းအစိုးရ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦး အား ပထမအကြိမ် ရန်ကုန်တိုင်းလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့ ဖြစ်သည့် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္စျိမ)

ဗုဒ္ဓဟူးနေ့က ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး၊ ဒုတိယနေ့ တွင် တက်ရောက်လာကြသော ကိုယ်စားလှယ်များ၏ မေးခွန်းများအပေါ် ဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

“လျှပ်စစ်သုံးစွဲမှုဟာ ဒီနှစ်မှာ ပိုများလာတဲ့အတွက် အလှည့်ကျ ဓါတ်အားပေးတဲ့ စနစ်ကို ဆောင်ရွက်ခဲ့ရတာပါ။ အလှည့်ကျ စနစ်ကို ကျော်လွှားနိုင်ဖို့အတွက် စက်မှုဇုန်တွေကို ပေးတဲ့ လျှပ်စစ်ကို လျှော့ပြီး ပြည်သူသုံးအတွက် ဖြန့်ဝေပေးလျက် ရှိပါတယ်။ ယခင်က ပိုလျှံလို့ တရုတ်ကို ရောင်းချထားတဲ့ လျှပ်စစ်ဓါတ်အား ၁၀၀ မဂ္ဂါဝပ် ကိုလည်း ပြန်ဝယ်ယူပြီးတော့ မိမိပြည်သူတွေအတွက် ဖြည့်ဆည်း ဖြန့်ဝေနိုင်ရေးအတွက် ဆောင်ရွက် နေပါတယ်”ဟု ဦးဉာဏ်ထွန်းဦး က ဖြေကြားသွားခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါ်ကြည်ကြည်မာ၏ “၂၄ နာရီ မီးရရှိရေးကို မည်သို့ဆောင်ရွက်မည်ကို သိလိုသော မေးခွန်း” နှင့် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါက်တာ ဒေါ်ညိုညိုသင်း၏ “ရန်ကုန်တွင် ယနေ့ ပေးဝေနေသော လျှပ်စစ်မီး ပေးဝေရေးမှာ အလှည့်ကျဟု သိရပြီး ယင်းထက် သာလွန်ကောင်းမွန်သော အစီအစဉ် ရှိမရှိ” မေးသော မေးခွန်းတို့အပေါ် ဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုသည် ယခင်က မဂ္ဂါဝပ် ၅ဝဝ နှင့် ၆ဝဝ ကြား သုံးစွဲခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်တွင် တနေ့လျှင် မဂ္ဂါဝပ် ရဝဝ ထိ သုံးစွဲကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဝန်ကြီးက ဗုဒ္ဓဟူးနေ့ လွှတ်တော်တွင် ပြောကြားသွားသည်။

ရန်ကုန်မြို့ပေါ်အား အုပ်စု လေးစုခွဲ၍လည်းကောင်း၊ မြို့ပြင်အား အုပ်စုနှစ်စု ခွဲ၍လည်းကောင်း ဧပြီ ၂ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး အလှည့်ကျပေးလျက် ရှိသည်။

အမှတ် ၁ လျှပ်စစ် ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း က “ကျနော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့” ဟု ၂ဝ၁၁ ခုနှစ် စက်တင်ဘာက နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုခဲ့ဖူးသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းအတွက် လျှပ်စစ်သုံးစွဲရန် တရုတ်နိုင်ငံထံ ရောင်းချပြီးဖြစ်သော လျှပ်စစ်မဂ္ဂါဝပ် ၁ဝဝ အား မည်သည့်စျေးဖြင့် မည်သို့ ပြန်လည် ဝယ်ယူမည်ကိုမူ မသိရှိရသေးပေ။

ရန်ကုန်တိုင်းဒေသကြီး ပြင်ပတွင် ရှိသော ကျွန်းချောင်း၊ မန်း၊ ရွှေတောင်၊ မြန်အောင်၊ သထုံ မြို့နယ်တို့တွင် ရှိသော စွမ်းအားပြည့် မလည်ပတ်နိုင်သည့် သဘာဝဓါတ်ငွေ့ဖြင့် လည်ပတ်ရသော ဓါတ်အားပေး စက်ရုံများကိုလည်း ပြန်လည် လည်ပတ်နိုင်ရေး သဘာဝဓါတ်ငွေ့ ထပ်မံတိုးချဲ့ရရှိစေရေး စီမံနေသည်ဟုလည်း ဦးဉာဏ်ထွန်းဦး က ဆိုသည်။

တိုးတက်လာမည့် စက်ရုံ၊ အလုပ်ရုံ၊ လူနေအိမ်နှင့် အဆောက်အအုံများအတွက် လျှပ်စစ် ဓါတ်အားပေး စက်ရုံသစ်များ ကိုလည်း ထပ်မံတည်ဆောက်ရန် ဆောင်ရွက်နေကြောင်းလည်း ပြောကြားသွားခဲ့သည်။

Most read this week