ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ် များ အားလုံး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ စတင် တက်ရောက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
လက်ရှိရပ်နားထားပြီး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် တတိယအကြိမ်မြောက် လွှတ်တော် အစည်းအဝေး များသို့ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် NLD ကိုယ်စားလှယ်များ တက်ရောက်ရန် တနင်္လာနေ့ နံနက်ပိုင်းက နေပြည်တော်မှ တရားဝင် အကြောင်းကြားခဲ့ကြောင်း ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
“ဒီနေ့ပဲ နေပြည်တော်က အကြောင်းကြားတယ်။ ၂၃ ရက်နေ့ တက်ဖို့။ အချိန် အရမ်းကပ်သွားတော့ ကျနော်တို့လည်း အရမ်းအလုပ်များနေကြပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး မပြီးပြတ်သေးသည့် ကာလဖြစ်၍ ကြားဖြတ်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များအနေဖြင့် စတုတ္ထအကြိမ် လွှတ်တော် အစည်းအဝေးမှသာ လွှတ်တော်တွင်း ပါဝင်ခွင့်ရမည်ဟု အများက ယူဆထားကြပြီး အနိုင်ရ NLD ကိုယ်စားလှယ်များ ကိုယ်တိုင်ပင် ယခုကဲ့သို့ စောစီးစွာ လွှတ်တော်တွင်း ဝင်ခွင့်ရမည်ဟု ယူဆမထားခဲ့ပေ။
“ဒီလွှတ်တော်ခေါ်ထားတာ သိပ်မကြာသေးတော့ ပုံမှန်အတိုင်းဆိုရင် မေလလောက်မှလို့ ထင်ထားတာ။ ဒါပေမယ့် ဟိုနေ့က သတင်းစာထဲမှာ ၂၃ ရက်နေ့ဆိုတော့ ထင်တော့ ထင်လိုက်တယ်။ ချက်ချင်းကြီး စီစဉ်လိုက်တယ် ဆိုတာတော့ အကြောင်းတခုခု ရှိလို့နေမှာပေါ့” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မဇ္စျိမကို ပြောသည်။
လွှတ်တော်အတွက် ပြင်ဆင်ချိန် ၁၄ ရက်သာ ရသော်လည်း လွှတ်တော်နိုင်ငံရေး စတင်လုပ်စ ဖြစ်၍ အခက်အခဲများ ကြံုရမည်ဟု မျှော်မှန်းထားပြီးဖြစ်ကြောင်း သို့သော် မိမိကိုယ်စားပြုသည့် မင်္ဂလာတောင် ညွှန့်မြို့နယ်အတွက် လိုအပ်ချက် အများစုကို သိထားပြီး ဖြစ်ကြောင်း ဒေါ်ဖြူဖြူသင်းက ပြောဆိုသည်။
“အခုဆိုရင် မြို့နယ်ထဲက အခက်အခဲတွေ၊ အကျပ်အတည်းတွေ ခြံုငုံပြီး သိသင့်သလောက် သိနေပြီ။ ပြည်သူတွေ ကလည်း ပြောရဲဆိုရဲ ရှိလာတော့ ကျမမြို့နယ်အတွက် လိုအပ်ချက်တွေကတော့ သိနေပြီပဲ ပြောရမှာပါ။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ဘာတို့ကတော့ ပါတီအနေနဲ့ ညှိနှိုင်းပြီး လုပ်ရမှာပေါ့” ဟု ဒေါ်ဖြူဖြူသင်း က မဇ္စျိမကို ပြောသည်။
လွှတ်တော်တွင်းသို့ ရောက်ရောက်ချင်း ပါတီအနေဖြင့် မည်သည့် အရေးကိစ္စများ ကိုင်တွယ်မည် ဆိုသည့်ကိစ္စနှင့် ပတ်သတ်၍ ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်များ အစည်းအဝေးကို ဧပြီ ၁၉၊ ၂၀ တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၈ ရက်နေ့က ပြောဆိုခဲ့ပြီး အများဆန္ဒဖြင့် တိုင်ပင် ဆုံးဖြတ်သွားမည်ဟု သူမက ဆိုသည်။
လက်ရှိကျင်းပနေဆဲ တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ဥပဒေမူကြမ်း တင်သွင်းခြင်း ကဲ့သို့သော လုပ်ငန်းများ အများစု ပြီးစီးနေပြီဖြစ်၍ NLD အနေဖြင့် ဥပဒေကြမ်း တင်သွင်းခြင်းမျိုးကို စတုတ္ထအကြိမ်မြောက် လွှတ်တော် အစည်းအဝေးများတွင်သာ ပြုလုပ်နိုင်မည်ဟု ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာချုပ်တဦးက သုံးသပ်သည်။
“ဥပဒေတင်တာမျိုးတော့ ဒီဆက်ရှင်မှာ သိပ်လုပ်ခွင့် ရတော့မယ် မထင်ဘူး။ တော်တော်များများက ဥပဒေကြမ်းကော်မတီတို့ ဘာတို့ကို တင်ပြီးသားတွေ များတယ်။ ဥပမာ မြေယာပိုင်ဆိုင်ခွင့် ဥပဒေဆို တင်ပြီးပြီ။ ဒါပေမယ့် မဲခွဲတဲ့အခါတွေဘာတွေမှာ မဲပေးတာမျိုး၊ ဝင်ဆွေးနွေးတာမျိုးတော့ လုပ်ခွင့်ရလိမ့်မယ် ထင်တယ်” ဟု မြန်မာ့ဓန မဂ္ဂဇင်းနှင့် အိုးပင်းနယူးစ်ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစော က ခန့်မှန်းသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာ နှင့် NDF မှ ကူးပြောင်းလာခဲ့သည့် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးနှင့် ပေါင်းပါက NLD သည် လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၄၂ ယောက်ရှိပြီး ပြည်ထောင်စုလွှတ်တော်၏ ၆.၄ ရာခိုင်နှုန်း ရရှိထားသည်။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်အချို့လည်း ၎င်းတို့ပါတီ များမှ နုတ်ထွက်ကာ NLD သို့ ၀င်ခွင့်ရရန် လျှောက်ထားမှုများ ရှိနေသည်။