လူ့အခွင့်အရေးကော်မရှင် ပျက်ပြယ်ခြင်းမရှိဟု ထုတ်ပြန်

လူ့အခွင့်အရေးကော်မရှင် ပျက်ပြယ်ခြင်းမရှိဟု ထုတ်ပြန်
by -
မဇ္စျိမ

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိ၍ ဗဟိုအဖွဲ့အစည်း အဖြစ်မှ ပြည်ထောင်စု လွှတ်တော်၏ပယ်ဖျက် ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ယင်းတို့၏ အဖွဲ့အစည်း ပျက်ပြယ် ခြင်းမရှိဘဲ လုပ်ငန်း ဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင်သတင်းစာ များမှတဆင့် ကြေညာချက် ထုတ်ပြန်သည်။

မတ်လ ၁၆ ရက် ပြည်ထောင်စုလွှတ်တော်မှ ၎င်းကော်မရှင်အား ဗဟိုအဖွဲ့အစည်း မဟုတ်ကြောင်းအတည် ပြုခဲ့ပြီး ဘတ်ဂျက်ဖြတ်တောက်ခံခဲ့ရသော်လည်း “ဘတ်ဂျက် ရသုံးမှန်းခြေ ငွေစာရင်း အသုံးစရိတ်တွင် ထည့်ထားခြင်းမှ ပယ်ဖျက်ခြင်းသည် ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်အကောင်အထည် ဖေါ်ခြင်းတို့ကို ပျက်ပြယ်စေခြင်း မရှိနိုင်ပေ” ဟု ကော်မရှင် ထုတ်ပြန်ချက်အတွင်း ဖေါ်ပြပါရှိသည်။

ကော်မရှင်ဖွဲ့စည်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေမှ သမ္မတသို့ ပေးအပ်ထားသော အုပ်ချုပ်မှုအာဏာအရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်ဟုလည်း အခြေခံဥပဒေ ပုဒ်မ ၂၁၆ ကို ကော်မရှင်ကကိုးကားထား သည်။

meetlotdaw2

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိ၍ ဗဟိုအဖွဲ့အစည်း အဖြစ်မှ ပြည်ထောင်စု လွှတ်တော်၏ ပယ်ဖျက်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပျက်ပြယ်ခြင်းမရှိဘဲ လုပ်ငန်း ဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်သွားမည်ဟု နိုင်ငံပိုင် သတင်းစာများမှတဆင့် ကြေညာ (ဓါတ်ပုံ မဇ္စျိမ)

ပုဒ်မ ၂၁၆ တွင် “ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များသို့လည်း သက်ရောက် ပျံ့နှံ့သည်” ဟု ပြဋ္ဌာန်းပါရှိသည်။

ထို့ကြောင့် “ပေးအပ်ထားသော တာဝန်များကို နိုင်ငံတော် သမ္မတသည် လွှဲအပ်သော အုပ်ချုပ်မှုအာဏာများ ကျင့်သုံး အကောင်အထည်ဖေါ်ခြင်း၏ တစိတ်တပိုင်းအဖြစ် ကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ကော်မရှင်အနေဖြင့် ခံယူပါ သည်” ဟုလည်း ထုတ်ပြန်ချက်အတွင်း ဖေါ်ပြထားသည်။

သို့သော် သမ္မတသည် ကော်မရှင်ကို ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းအတွင်း ထည့်သွင်းကာ ဘဏ္ဍာရေး အသုံးစရိတ် တောင်းခံခြင်းမှာမူ အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟု ပြည်သူ့လွှတ်တော် ဥပဒေမူကြမ်း ကော်မတီ ဝင် ဒေါ်နန်းဝါနုက မဇ္ဈိမကို ပြောသည်။

“သမ္မတရဲ့လုပ်ပိုင်ခွင့်အရ သူ့ဟာသူ လုပ်သွားပေါ့။ နိုင်ငံတော် သမ္မတရဲ့ အကြံပေးအဖွဲ့လိုမျိုး အဖွဲ့အစည်း လောက်ပဲ ဖွဲ့ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် သူတို့က ဗဟိုအဖွဲ့အစည်းအနေနဲ့ ဖွဲ့စည်းပြီးတော့ သုံးဖို့ငွေတောင်း တာပေါ့။ အဲဒီလို တောင်းမယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ ဗဟို အဖွဲ့အစည်း ဖြစ်ကြောင်း အတည်ပြုချက် ရယူပြီးတော့ ဘဏ္ဍာငွေ သုံးပိုင်ခွင့်ရှိမှာ” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွင်း အသုံးစရိတ် ကျပ်ငွေ ၁၃၃ သန်းတောင်းခံခဲ့ပြီး ထိုတောင်းခံမှုကို မတ်လ ၁၆ ရက်နေ့ ပြည်ထောင်စုလွှတ််တော်က ပယ်ချခဲ့သည်။

ကော်မရှင်၏ ထုတ်ပြန်ချက်တွင် လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းကို သမ္မတ၏ လမ်းညွှန်ချက်အရ ရေးဆွဲနေပြီ ဖြစ်ပြီး လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက် ရယူသွားမည်ဟု ဖေါ်ပြထားသည်။

အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို မြှင့်တင်နိုင်ရန်နှင့် ကာကွယ်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုကော်မရှင် ဖွဲ့စည်းမှုကို ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြေညာချက်အမှတ် ၃၄/၂ဝ၁၁ ဖြင့် ထုတ်ပြန်ကြေညာ ခြင်းဖြစ်ပြီး အဆိုပါ အမိန့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည်မှလက်မှတ်ထိုး ထားသည်။

ကော်မရှင်တွင် အငြိမ်းစားသံအမတ်များဖြစ်သည့် ဦးဝင်းမြက ဥက္ကဋ္ဌ တာဝန်ယူပြီး၊ ဦးကျော်တင့်ဆွေက ဒုတိယ ဥက္ကဋ္ဌတာဝန်ယူထားသည်။ အတွင်းရေးမှူးမှာ အငြိမ်စား လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစစ်မြိုင် ဖြစ်သည်။

Most read this week