RNDP ထုတ် ဂျာနယ်ကို စိစစ်ရေး သတိပေး

RNDP ထုတ် ဂျာနယ်ကို စိစစ်ရေး သတိပေး
by -
မဇ္စျိမ

အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို ဝေဖန်သည့် ဆောင်းပါးတပုဒ်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ထုတ် ဂျာနယ်တွင် ဖေါ်ပြခြင်းကြောင့် စာပေစိစစ်ရေးမှ ခေါ်ယူကာ ထိုသို့သော အရေးအသားမျိုး ထပ်မံရေးသားခြင်းမပြုရန် သတိပေးခဲ့ကြောင်း ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက မဇ္ဈိမကို ပြောသည်။

ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် RNDP ၏ ‘တိုးတက်ရေး’ ဂျာနယ်ပါ “အစိမ်းရောင် ယူနီဖေါင်း ဒီမိုကရေစီမှ အဝါရောင် စကတ် ဒီမိုကရေစီသို့” ဆောင်းပါးတွင် “ပြောင်းတော့ ပြောင်းမယ်၊ ဘာပြောင်းလာမလဲလို့ စောင့်ကြည့်နေလိုက်ကြတာ အဝတ်အစား ပြောင်းလိုက်မှ အံ့သြသွားရသည်။ မျက်စိအမြင်မှာ အဆန်းတကြယ် ဖြစ်တာတော့ ဝမ်းသာပါရဲ့။ အခုက တော့ စစ်ယူနီဖေါင်းကနေ ယောပဆိုး၊ တိုက်ပုံအကျႌပဲ ပြောင်းသေးတာ။ နောက်ဆိုရင် ပန်းနုရောင် စကဒ်နဲ့ ရင်ဖုံး အကျႌ မြင်ရမှာလား” ဟူသည့် အရေးအသားများ ပါဝင်သည်။

ထိုအရေးအသားများမှာ စာပေစိစစ်ရေး မူဝါဒများနှင့် ကိုက်ညီမှု မရှိဘဲ ကြမ်းတမ်းသည့် ဝေါဟာရများဖြစ်သည် ဟု ဆိုကာ မတ်လ ၂၃ ရက်နေ့တွင် စာပေစိစစ်ရေး ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေမှ ဂျာနယ်ထုတ် ဝေသူ ဦးမြင့်နိုင်ကို ခေါ်ယူသတိပေးကြောင်း ဦးဦးလှစောက ပြောခြင်းဖြစ်သည်။

“ဝေါဟာရတွေက သိမ်သိမ်မွေ့မွေ့ မရှိဘူး။ ကြမ်းထော်နေတယ်။ စကားလုံးတွေ ရင့်သီးတယ်ပေါ့။ အဲဒါမျိုး ပြောတာ ပေါ့။ ကျနော်တို့ ဒီလိုမျိုးအရေးအသားတွေ ထပ်မရေးဖို့ ဝန်ခံကတိ လက်မှတ် ထိုးခဲ့ရပါတယ်” ဟု ဦးဦးလှစောက မဇ္ဈိမကို ပြောသည်။

ထို့အပြင် ဆောင်းပါးအတွင်း ‘စစ်ဘီလူးကြီး ဦးနေဝင်း’ ဟု ရေးသားထားမှုကိုလည်း မျဉ်းသား၍ ထောက်ပြ ပြောဆို သည်ဟု ဦးဦးလှစောက ပြောသည်။

“ကျနော်တို့ကို သတိပေးတယ်ဆိုတော့ စိတ်မကောင်းစရာပါပဲ။ အပေါ်မှာတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေဆိုပြီး တော့ အောက်ခြေမှာ ဘာမှ မပြောင်းလဲဘူးဆိုတာကို သက်သေပြသလို ဖြစ်နေတယ်" ဟု ဦးဦးလှစောကဝေဖန်သည်။

ယင်းဖြစ်ရပ်အပြင် စာပေစိစစ်ရေးကို သရော်သည့် ကာတွန်းတပုဒ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ထုတ်ဝေ သည့် ဒီလှိုင်းဂျာနယ်တွင် ဖေဖေါ်ဝါရီလအတွင်းက ထည့်သွင်းဖေါ်ပြခြင်းကြောင့် ထုတ်ဝေသူ ဦးအုန်းကြိုင်ကို စာပေစိစစ်ရေးမှ ခေါ်ယူသတိပေးခဲ့ကြောင်း ဂျာနယ် အယ်ဒီတာအဖွဲ့ဝင် ဦးငြိမ်းသစ်က မဇ္ဈိမကို ပြောသည်။

‘သားလိမ္မာ’ရေးဆွဲသော ဒီလှိုင်းဂျာနယ်ပါ ကာတွန်းတွင် “အပေါ်က မိုးတိမ်တိုက်တွေထဲမှာ ‘ဒီမိုကရေစီကောင်း ကင်’လို့  ရေးထားတယ်။ အဲဒါကို ‘စာပေလွတ်လပ်ခွင့်’ ဆိုတဲ့ စာရွက်ကလေးက အတောင်ပံလေးတွေနဲ့ အပေါ်ကို ပျံတက်နေတာပေါ့။ အဲဒါကို သံကြိုးကြီးနဲ့ ချိတ်ထားတယ်။ အောက်ကတော့ ‘စာပေစိစစ်ရေး’ ဆိုပြီးတော့ စာတန်းထိုးထား တယ်။ သူတို့ကို သရော်တယ်ပေါ့ဗျာ။ ဒါမျိုးတွေ မထည့်ဖို့ သတိပေးတာပေါ့” ဟု ဦးငြိမ်းသစ်က မဇ္ဈိမကို ပြောသည်။

မတ်လ ၁၉-၂၀ ရက်နေ့က ပြုလုပ်ခဲ့သည့် မီဒီယာ ဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း က ပုံနှိပ်မီဒီယာဥပဒေကို ရေးဆွဲနေပြီဖြစ်ကြောင်း “စာနယ်ဇင်း လွတ်လပ်ခွင့််များကိုလူ့အဖွဲ့ အစည်း၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ရန်နှင့် မြန်မာ့မီဒီယာလောက ရေရှည် ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ပါကြောင်း” ဟု ပြောကြားသွားခဲ့သည်။

အခြားတဘက်တွင်လည်း အစိုးရဌာနများအတွင်း ငွေကြေးအလွဲသုံးစားပြုနေသည်ဟု ရေးသားဖေါ်ပြခဲ့သည့် The Voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသည်။

The Voice ဂျာနယ်၏ ရှေ့နေအဖြစ် အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်ကမူ အဆိုပါ ပုဒ်မ ၅၀၀ သည် မီဒီယာများကို ဖိနှိပ်သည့် ဥပဒေဖြစ်၍ ထိုဥပဒေကို ဖျက်သိမ်း ပေးရန် လွှတ်တော်အတွင်း တောင်းဆိုသွားမည်ဟု မဇ္ဈိမကို ပြောသည်။

Most read this week