ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကွန်ယက် ၈၈ တို့ ဦးဆောင်ဖွဲ့

ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကွန်ယက် ၈၈ တို့ ဦးဆောင်ဖွဲ့
by -
မဇ္ဈိမ

ရွေးကောက်ပွဲ အားနည်းချက် အားသာချက်များကို လေ့လာနိုင်ရန် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် များ ပါဝင်သည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက်အဖွဲ့ကို သောကြာနေ့တွင် ဖွဲ့စည်းလိုက်သည် ဟု ၈၈ မျိုးဆက် ကျောင်းသူ မမီးမီးက မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကွန်ယက်အဖွဲ့တွင် ပါဝင်သူတဦးဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး (ဓါတ်ပုံ မဇ္စျိမ)
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက်အဖွဲ့သည် မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲဝင် ပါတီများ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များကို လေ့လာကာ အားနည်းချက်၊ အားသာချက်များကို စိစစ်၍ သတင်းထုတ်ပြန်သွားမည်ဟုလည်း မမီးမီး က ပြောသည်။

"ရွေးကောက်ပွဲမှာ မဲပေးတဲ့လူတွေရဲ့ အားနည်းချက်၊ ကော်မရှင် အဖွဲ့ခွဲတွေရဲ့ အားနည်းချက်၊ မဲဆွယ်စည်း ရုံးတဲ့ ပါတီတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကျမတို့ အသေအချာ လေ့လာပြီးတော့ သတင်း ထုတ်ပြန်သွား မှာ ဖြစ်ပါတယ်။ နောင်လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ လေ့လာနိုင်အောင်လို့ အားနည်းချက်၊ အားသာချက်တွေကို ရှာဖွေလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု မမီးမီး က ပြောသည်။

ကွန်ယက်အဖွဲ့အနေဖြင့် ရွေးကောက်ပွဲ ကျင်းပရာဒေသများတွင် အဖွဲ့ဝင်များ ထားရှိမည်ဖြစ်ပြီး မဲဆန္ဒရှင်များ၏ အတွေ့အကြံုများအပေါ် လေ့လာသွားမည်ဟုလည်း ကွန်ယက်၏ သောကြာနေ့ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

"ရွေးကောက်ပွဲတွင် လွတ်လပ်သော အရပ်ဖက် လူ့အဖွဲ့အစည်းတရပ် အနေဖြင့် ဘက်လိုက်မှု ကင်းသော
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုများကို ပြုလုပ်သွားမည် ဖြစ်သည်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ မှုများကို မဲပေးပိုင်ခွင့်ရှိသူ ပြည်လူထု၏ သဘောထားများအား အဓိကအခြေခံကာ လုပ်ဆောင်သွားမည်" ဟု ပါရှိသည်။

ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့်လည်း ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက်အလက်များကို ရယူဖလှယ်၍ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ က ကျင်းပ တော့မည့် ရွေးကောက်ပွဲအတွင်း မဲစာရင်းမှားယွင်းနေမှုများကို ရည်ညွှန်းကာ ယခုကဲ့သို့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှု ကွန်ယက်အဖွဲ့ ပေါ်ပေါက်လာသည်မှာ ကောင်းမွန်သည့် လက္ခဏာတရပ်ဟု မဇ္ဈိမကို ပြောသည်။

"စောင့်ကြည့်ဖို့ကောင်းတယ်။ ဘာဖြစ်လို့ စောင့်ကြည့်ဖို့ ကောင်းလဲဆိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က လွတ်လပ်ပြီးတရားမျှတဖို့ ပြောပေမယ့် အောက်ခြေမှာက တရားမမျှတမှုတွေ ဖြစ်နိုင်တဲ့ အလားအလာတွေ တွေ့နေရတယ်။ အဲဒါကြောင့် စောင့်ကြည့်တဲ့လူ များလေ ကောင်းလေပါပဲ" ဟု ဦးသုဝေ က  ပြောသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ ပြောခွင့်ရ ဦးဟန်ရွှေကလည်း "ရွေးကောက်ပွဲ အတွက်တော့ ဘယ်သူပဲဖြစ်ဖြစ်ပါ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မဖြစ်၊ တရားမျှတမှုဖြစ်အောင် အားလုံး တာဝန်ယူ ဆောင်ရွက် ကြမယ်၊ လုပ်ကြမယ် ဆိုတာကတော့ ကောင်းတဲ့ သဘောထားပဲ ဖြစ်ပါတယ်။ ကောင်းတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါ တယ်။ ကျနော်တို့ လက်ခံပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

ကွန်ယက်အဖွဲ့ဝင်များကိုယ်တိုင် မဲဆန္ဒနယ်များအတွင်း လေ့လာစောင့်ကြည့်သွားမည် ဖြစ်သလို ပြည်တွင်းဂျာနယ်များ၊ အွန်လိုင်း မီဒီယာများ၏ သတင်းဖေါ်ပြချက်များကိုလည်း လေ့လာကာ သတင်းထုတ်ပြန်သွားမည်ဟု ကြေညာ ချက်ထဲတွင် ဖေါ်ပြထားသည်။

အဆိုပါ ကွန်ယက်အဖွဲ့တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ဦးကိုကိုကြီး၊ မမီးမီး၊ ကိုလှမျိုးနောင် တို့အပြင် Generation Wave မှ ကိုအ့ံဘွယ်ကျော်တို့လည်း ပါဝင်သည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် စောင့်ကြည့် လေ့လာနိုင်ရန် အမေရိကန်၊ ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များ၊ သတင်းထောက်များကို မြန်မာအစိုးရမှ ဖိတ်ခေါ်ထားသည်။ ထိုသို့ ဖိတ်ခေါ်မှုအား “ကြိုဆိုရမည့် ခြေလှမ်းတရပ်” ဖြစ်ကြောင်း အမေရိကန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

အာဆီယံ ပါလီမန်အမတ်များနှင့် သတင်းထောက်များကိုလည်း ရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်နိုင်ရန်
မြန်မာအစိုးရက ဖိတ်ခေါ်ထားသည်သည်။

သို့သော် ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် အာရှ လွတ်လပ်သော ရွေးကောက်ပွဲများ လေ့လာစောင့်ကြည့်ရေး ကွန်ယက် ANFREL အမှုဆောင် ဒါရိုက်တာ Somsri Hananuntasuk နှင့်အဖွဲ့ကိုမူ အာဏာပိုင်များက လက်မခံဘဲ အင်္ဂါနေ့က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွါသွားစေခဲ့သည်။

Most read this week