ဆွမ်းလွတ်ရွယ်ဂျာအမှု တရားလွှတ်တော်ချုပ် တိတ်တဆိတ် အမိန့်ချ

ဆွမ်းလွတ်ရွယ်ဂျာအမှု တရားလွှတ်တော်ချုပ် တိတ်တဆိတ် အမိန့်ချ
by -
မဇ္ဈိမ

ကချင်အမျိုးသမီး ဒေါ်ဆွမ်းလွတ် ရွယ်ဂျာအား စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်ထားကြောင်း တရားလွှတ် တော်ချုပ်ထံ ကာယကံရှင်မိသားစု၏ ရှေ့တော်သွင်း စာချွန်လွှာ လျှောက်ထားမှုအပေါ် တရားလွှတ်တော် ချုပ်က သက်ဆိုင်သူများကို အသိမပေးဘဲ အမိန့်ချလိုက်သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က နောက်ဆုံး ကြားနာမှုတွင် ကချင်အမျိုးသမီး ဒေါ်ဆွမ်းလွတ်ရွယ်ဂျာ ကို ဖမ်းဆီးထားခြင်း မရှိကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ကိုယ်စားလှယ်များက ငြင်းဆိုပြီးနောက် တရားလွှတ်တော်ချုပ်က သူမ မိသားစု၏ ရှေ့နေများအား ခေါ်ယူအသိပေးခြင်း မရှိဘဲ မတ်လ ပထမ သီတင်းပတ်က အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု မိသားစုကိုယ်စား အမှုဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဇော်ဆမ်က ပြောသည်။

“ဘယ်လို အမိန့်ချတယ်ဆိုတာ ကျနော်တို့ မသိသေးပါဘူး။ အမိန့်ချတဲ့နေ့မှာ ကျနော်တို့ကို မခေါ်ပါဘူး။ ဒါကြောင့် အဲဒီအမိန့်ချတဲ့ အမှုတွဲကို နေပြည်တော် တရားလွှတ်တော်ကို သွားကူးရမယ်။ အခုတော့ တဆင့်ပဲ သိရတယ်။ နေပြည်တော် တရားရုံးက စာရေးတွေက ပြောပြလို့ သိရတာတယ်”ဟု သူက ပြောသည်။ 

ဖေဖော်ဝါရီလ နောက်ဆုံး ရုံးချိန်းပြီးနောက် တပတ်အကြာတွင် အမိန့်ချမှတ်မည်ဟု ဆိုခဲ့သော်လည်း အမိန့် ချမှတ်လိုက်သည့် အချိန်ကို ရှေ့နေများထံ အသိမပေးခဲ့ဟု ဆိုသည်။

“ကျနော်တို့က တရားမျှတမှု ရှိတယ်လို့ မခံစားရဘူးလို့ပဲ ပြောရမှာပဲ” ဟု ထိုအမှုအား လိုက်ပါဆောင်ရွက် ပေးနေသူ နောက်ထပ် ရှေ့နေတဦးဖြစ်သည့် ဦးမာခါးကလည်း မဇ္စျိမကို ပြောသည်။

နေပြည်တော် ပြည်ထောင်စုလွှတ်တော် တရားရုံးက အမိန့်ချမှတ်လိုက်သည့် အမှုတွဲ မိတ္တူကို သွားရောက် မယူရသေး သဖြင့် ဆုံးဖြတ်ချက် အသေးစိတ်ကို မသိရသေးကြောင်း ဦးဇော်ဆမ်က ဆိုသည်။

တရားလွှတ်တော်က ရှေ့တော်သွင်း စာချွန်လွှာ ထုတ်ပြန်ပေးပါက ယင်းပျောက်ဆုံးနေသော ဒေါ်ဆွမ်လွတ် ရွယ်ဂျာကို ဖမ်းဆီးသွားသော ခမရ (၃၂၁) တပ်ဖွဲ့များက စုံစမ်းရှာဖွေပေးရမည်ဟု သူက ဆက်ပြောသည်။

အသက် ၂၈ နှစ်အရွယ် ကလေးတယောက်မိခင် ဒေါ်ဆွမ်းလွတ်ရွယ်ဂျာကို ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ခင်ပွန်း၊ ယောက္ခမတို့နှင့်အတူ တောင်ယာအသွားတွင် မိုးမောက်မြို့နယ်၊ လွယ်ဂျယ် တပ်စခန်းက ဥပဒေမဲ့ ငါးလကြာ ဖမ်းဆီးထားသည့်အပေါ် ခင်ပွန်းဖြစ်သူ ဒေါင်လွမ်းက သက်သေအဖြစ် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ 

ယင်းအမှုကို တရားလွှတ်တော်ချုပ်က ကြားနာခဲ့ရာတွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က ခမရ (၃၂၁)မှ ဗိုလ်ကြီးကျော်ကျော်ဌေးနှင့် ခလရ (၃၇)မှ ဗိုလ်မှူး ဇေယျာအောင်တို့၏ ကိုယ်စားလှယ်များက ၎င်းတို့မှ ဒေါ်ဆွမ်းလွတ်ရွယ်ဂျာကို ဖမ်းဆီးထားခြင်း မရှိကြောင်း လျှောက်လဲချက်ပေးခဲ့သည်။

ယင်းအမှုကို ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလက နေပြည်တော် တရားလွှတ်တော်ရုံးသို့ လျှောက်ထားခဲ့ရာ ဖေဖော်ဝါရီလ ၉ ရက်နှင့် ၂၃ ရက်နေ့များတွင် ကြားနာခဲ့သည်။

Most read this week