ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ သမီးက ဦးဆောင်၍ ငြိမ်းချမ်းရေး ခေါင်းလောင်းထိုး ပွဲကို အင်္ဂါနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တနင်္ဂနွေထောင့်ရှိ သာယာဝတီ ခေါင်းလောင်းကြီးတွင် ပြုလုပ်ခဲ့သည်။
ထိုနေ့ထိုအချိန်မှာ အီကွေတာပေါ်တည့်တည့်သို့ နေလုံးကြီး တည့်မတ်မျှတစွာ ကျရောက်၍ ကမ္ဘာနှစ်ခြမ်း အလင်းနှင့်အမှောင် မျှတစွာ ကျရောက်သည့် Equinox နေ့ဖြစ်သဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းရန် ရည်ရွယ်ကာ ငြိမ်းချမ်းရေးခေါင်းလောင်း ထိုးခြင်းဖြစ်ကြောင်း ဦးသန့်၏ သမီး ဒေါ်အေးအေးသန့် က မဇ္စျိမကို ပြောသည်။
“ဒီကနေ့ဟာ Equinox ဖြစ်ပါတယ်။ နေ့နဲ့ညဟာ ကမ္ဘာကြီးတခုလုံးမှာ အတူတူပဲ ဖြစ်တယ်။ Equinox ဖြစ်တဲ့အချိန် တနှစ်မှာ နှစ်ခါဖြစ်တယ်။ ထူးခြားတဲ့အချိန် ဖြစ်တယ်။ ဒီနေ့ဒီအချိန်ဟာ ကမ္ဘာတဝှန်းမှာတပြိုင် နက်ဖြစ်တဲ့ အကြောင်းကြောင့် သဘာဝရဲ့ ထူးခြားတဲ့ အချိန်ရယ်လို့ ပြောချင်ပါတယ်။ ကျမရဲ့ဖခင် ဦးသန့်က ၁၉၇၁ ခုနှစ်မှာ ကုလသမဂ္ဂမှာရှိတဲ့ ငြိမ်းချမ်းရေး ခေါင်းလောင်းကြီးကို ပထမဆုံးအကြိမ် ထိုးခဲ့ပြီးတော့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုမွန်တောင်းခဲ့ပါတယ်” ဟု ပြောသည်။
Equinox ဆိုသည်မှာ လက်တင်ဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး မျှတခြင်းနှင့် မှန်ကန်ခြင်းတို့ ပေါင်းစပ်ထား ခြင်းဖြစ်သည်။ ထိုသို့ တနှစ်လျှင် နှစ်ကြိမ်ကျရောက်သည့် Equinox နေ့များကို အချို့နိုင်ငံများတွင် ‘ကမ္ဘာသူ ကမ္ဘာသားနေ့’ အဖြစ်လည်း ဆင်နွှဲကျင်းပလေ့ ရှိကြသည်။ ၂ဝ၁၂ ခုနှစ် စက်တင်္ဘာလ ၂၂ ရက်နေ့တွင်လည်း Equinox ထပ်မံ ကျရောက်ဦးမည် ဖြစ်သည်။
မြန်မာ့ နက္ခတ်ဗေဒအရလည်း ဤနေ့ဤအချိန်တွင် ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝေဒသုသေသနအသင်း ဥက္ကဋ္ဌ ဦးခင်အောင်ဘို က မဇ္စျိမကို ပြောသည်။
“တနင်္ဂနွေလို့ခေါ်တဲ့ ဂြိုလ်မင်းကြီးသည် အီကွေတာပေါ် ရောက်သည့်နေ့။ တနည်းအားဖြင့် နက္ခတ်ဗေဒင်မှာ ၁၂ ရာသီရဲ့အစ ရာသီဖြစ်တဲ့ မိဿရာသီရဲ့ အစဦးအမှတ်ကို ဒီနေ့ ၁၂ နာရီ ၄၅ မိနစ်မှာ ရောက်မယ်။ ဒီနေရာကို ရောက်တဲ့ အခါမှာ ကမ္ဘာကြီးဟာ ညီမျှမှု ဖြစ်နေတယ်။ အေးချမ်းတဲ့သဘော ရှိတယ်။ ဒီအချိန်မှာ ငြိမ်းချမ်းရေး အထိမ်းအမှတ် အနေနဲ့ ကမ္ဘာသူကမ္ဘာသားတွေ ငြိမ်းချမ်းရေးရအောင်၊ ရ ရက် သားသမီးတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ငြိမ်းချမ်းရေးခေါင်းလောင်း ထိုးတဲ့ အထိမ်းအမှတ် ဖြစ်ပါတယ်”ဟု ပြောသည်။
ဦးသန့်အနေဖြင့် ထိုနေ့တွင် ခေါင်းလောင်းထိုးရခြင်း ရည်ရွယ်ချက်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအပြင် ကမ္ဘာမြေကြီး ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်လည်း ရည်ရွယ်ကြောင်း ဒေါ်အေးအေးသန့် က ပြောသည်။
ဒေါ်အေးအေးသန့်မှာ အမေရိကန် ပြည်ထောင်စုတွင် U Thant Institute ကို တည်ထောင်ထားပြီး မြန်မာ့နိုင်ငံ သို့ ခေတ္တရောက်ရှိချိန် ယခုကဲ့သို့ ‘ကမ္ဘာသူ ကမ္ဘာသားနေ့’ တွင် ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးပွဲ ပြုလုပ်ရန် အတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ ခွင့်ပြုချက် တောင်းခံခဲ့ရသည်။
အဆိုပါ ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးပွဲသို့ တနင်္ဂနွေထောင့် အသင်းသားများ အပါအဝင် ဒေါ်အေးအေးသန့် မိသားစုနှင့် မိတ်ဆွေများ စုစုပေါင်း ၃၀ ခန့် လာရောက်ခဲ့ကြသည်။
တနင်္ဂနွေထောင့်မှ အဆိုပါခေါင်းလောင်းမှာ သာယာဝတီမင်းကြီးက လှူခဲ့သော ခေါင်းလောင်းကြီးဖြစ်ပြီး မြန်မာနိုင်ငံ တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည်။ ၁၈၄၃ ခုနှစ်တွင် သွန်းလုပ်ကာ ကြေးပိဿာချိန် ၂၆ဝဝဝ (၄၂ တန်) ရှိသည်။ ခေါင်းလောင်းကြီး၏ အထက်ချိတ် နေရာတွင် မနုဿီဟ ရုပ်များဖြင့် ပုံဖော်ထားကာ အမြင့် ရ ပေ၊ အဝအကျယ် ၆ ပေ၊ နှုတ်ခမ်းသား ၈ လက်မ၊ ထု ၁ ပေ ရှိသည်။
၁၉၇၁ ခုနှစ်တွင် ဦးသန့် ပထမဆုံးထိုးခဲ့သည့် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှိ ငြိမ်းချမ်းရေးခေါင်းလောင်း Peace Bell ကို ကမ္ဘာတဝန်းမှ ကလေးငယ်များ လှူဒါန်းထားသော အကြွေစေ့များဖြင့် သွန်းလုပ်ထားခြင်း ဖြစ်ကြောင်း သိရ သည်။