ရွေးကောက်ပွဲ မတရားမှု ပိုမိုများပြားလာဟု NLD ထုတ်ပြန်

ရွေးကောက်ပွဲ မတရားမှု ပိုမိုများပြားလာဟု NLD ထုတ်ပြန်
by -
မဇ္ဈိမ

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာချိန်တွင် ရွေးကောက်ပွဲ ဆိုင်ရာ မတရား လုပ်ဆောင်ချက်များ ပိုမိုများပြားလာပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ထိခိုက်စေနိုင် သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

NLD ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး အဖွဲ့၏ အဆိုပါ ထုတ်ပြန်ကြေကြာချက်တွင် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများကြောင့် “လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရေးကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်” ဟု ဖေါ်ပြထားသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် စမြင်ကျေးရွာအုပ်စုတွင် ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဆန်းဝင်း မှ ကျေးရွာလူထုကို မတ်လ ၁၆ ရက်နေ့တွင် သူ၏ပါတီ အစည်းအဝေးသို့ တအိမ်တယောက် မတက်မနေရ တက်ရောက်ရန် အမိန့်ပေး ဖိတ်ကြားခြင်းရှိသည်ဟု NLD မှ စွပ်စွဲထားပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဒေါက်တာဆန်းဝင်း က ပုတ်ခတ် ပြောဆိုမှုများ ရှိသည်ဟု ထုတ်ပြန်ချက် ထဲတွင် ဖေါ်ပြထားသည်။

ထို့အပြင် ရွေးကောက်ပွဲ ကော်မရှင်မှ မတ်လ ၃၀ နှင့် ၃၁ ရက်နေ့များတွင်သာ ကြိုတင်မဲ ကောက်ယူရန် ညွှန်ကြား ထားသော်လည်း တနင်္သာရီတိုင်း လောင်းလုံမြို့နယ်တွင် ကြိုတင်မဲများ ကောက်ယူနေသည်ဟု အဆိုပါ ကြေညာချက် တွင် ဖေါ်ပြထားသည်။

ကြေညာချက်အရ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင်လည်း NLD ၏ ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ တနင်္ဂနွေနေ့ မဲဆွယ်စည်းရုံးမှုအတွင်း သစ်သားချွန်ဖြင့် ပစ်ခတ်မှုကြံုခဲ့ရပြီး လုံခြံုရေး အဖွဲ့ဝင် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

NLD က ထုတ်ပြန်သည့် မတ်လ ၁၆ ရက်နေ့က ကြေညာချက်တွင်လည်း ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အတွင်း မဲဆန္ဒရှင် စာရင်းတွင် ရွာပေါင်း ၅၄ ရွာမှ သေဆုံးပြီးသူ ၄၁၃ ယောက် ပါဝင်နေခြင်း၊ မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်တွင် မတ်လ ၅ ရက်နေ့အထိ မဲဆန္ဒရှင် အရေတွက် ထုတ်ပြန်ပေးမှု မရှိသေးခြင်းများ ဖြစ်ပေါ်နေသည်ဟု ဖော်ပြပါရှိသည်။

ထိုဖြစ်ရပ်များအပြင် ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ရှမ်းရေကျော် ကျေးရွာတွင်လည်း NLD ရုံးအတွင်း စိုက်ထူထားသော အလျား ၆ ပေ၊ အနံ ၄ ပေရှိ မဲဆွယ် ပိုစတာကြီး သုံးချပ်၊ မဲပေးနည်း ပိုစတာ တချပ်၊ စုစုပေါင်း လေးချပ်တို့အား မတ်လ ၁၆ ရက်နေ့က ချွန်ထက်သည့် အရာဖြင့် လှီးဖြတ်ထားမှု ကြံုခဲ့ရသည်ဟု မြောင်းမြမြို့နယ် NLD ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင် ဦးဝင်းရွှေက မဇ္ဈိမကို ပြောသည်။

“ဖျက်တာက ဦးမန်းဂျော်နီရဲ့ ပုံကို ထွင်းလှီးသွားတယ်။ ပိုစတာတိုင်းမှာ ဦးမန်းဂျော်နီရဲ့ပုံကို ထွင်းလှီးတာပေါ့။ မဲပေးနည်း လမ်းညွှန်မှာက ဦးမန်းဂျော်နီဆိုတဲ့ ပိုစတာနဲ့ အလယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမှတ်အသားနဲ့ နောက်က ကွက်လပ်ထဲမှာ အမှန်ခြစ် ပြထားတာပေါ့။ အဲဒီမှာ ဦးမန်းဂျော်နီဆိုတဲ့ စာသားကို လှီးထုတ်သွားတယ်” ဟု ပြောသည်။

အဆိုပါဖြစ်ရပ်ကို မြောင်းမြမြို့နယ် မြို့မရဲစခန်းတွင် တနင်္ဂနွေနေ့က အမှုဖွင့် တိုင်ကြားထားရာ ရဲစခန်းက အမှုအမှတ် ပ/၇၄ ဖြင့် လက်ခံထားပြီး ရှမ်းရေကျော်ရွာသို့ သွားရောက် စစ်ဆေးနေပြီဟုလည်း “ဟုတ်ပါတယ်ခင်ဗျာ့၊ ကျနော့် အမှုစစ် ခုပဲ ဆင်းသွားပါပြီခင်ဗျာ့” ဟု မြောင်းမြမြို့မ စခန်းမှူး ဦးစိန်ဝင်းက မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့သော ဖြစ်ရပ်မျိုး နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မောင်းရမ်းရွာတွင်လည်း မတ်လ ၁၂ ရက်နေ့တွင်
ဖြစ်ပေါ်ခဲ့ပြီး မန္တလေးတိုင်း ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန် မြို့နယ်များတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် စာရွက်ငယ်များ ဖြန့်ဝေမှုများ ရှိခဲ့သည်။