မီဒီယာ ပြုပြင်ပြောင်းလဲရေး အတွက် ခြေလှမ်းသုံးဆင့်နှင့် နှစ်လမ်းသွား မဟာဗျူဟာ တို့ကို ချမှတ်အကောင် အထည်ဖော်နေကြောင်း အစိုးရ တာဝန်ရှိသူများက ပြောကြားလိုက်သည်။
ရန်ကုန်မြို့တွင် တနင်္လာနေ့မှ စတင်၍ နှစ်ရက်တာ ကျင်းပနေသည့် ‘မြန်မာ့မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်’တွင် ပြန်ကြားရေးဌာန ဝန်ကြီးနှင့် ညွှန်ချုပ်တို့က ပြောဆိုလိုက်ခြင်းဖြစ်သည်။
‘ခြေလှမ်းသုံးဆင့်’ ချမှတ် အကောင်အထည်ဖော်မှုဟာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းလိုက် ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ UNESCO အဖွဲ့ကြီးတို့ ပူးပေါင်းကျင်းပ သည့် အဆိုပါကွန်ဖရင့် အဖွင့်မိန့်ခွန်းတွင် ဝန်ကြီးဦးကျော်ဆန်း က ပြောကြားလိုက်သည်။
“စာနယ်ဇင်းတွေအပေါ် တင်းကြပ်ထားမှုတွေကို တဆင့်ချင်း လျှော့ချလာပြီးဖြစ်ပါတယ်။ ဒီအဆင့်မှာ ပြည်တွင်း အပါတ်စဉ်ထုတ် ဂျာနယ်တွေကို စာနယ်ဇင်းလတ်လပ်ခွင့်ကို တာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိရှိ ကျင့်သုံးနိုင်ဖို့ လမ်းဖွင့်ပေးနေပါတယ်” ဟု ပြောသည်။
ထိုအဆင့်အရ ဂျာနယ် ၁၇၃ စောင်နှင့် မဂ္ဂဇင်း ၁၂၄ စောင်မှာ စိစစ်ရေးသို့ ကြိုတင်ခွင့်ပြုချက် တင်စရာမလိုဘဲ ထုတ်ဝေနိုင်ပြီဟု ဝန်ကြီးက ပြောဆိုသွားသည်။
“ဒုတိယအဆင့်အနေနဲ့ ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း ဥပဒေကို ပယ်ဖျက်ပြီးသကာလ အခြေခံဥပဒေပါ စာနယ်ဇင်း လွတ်လပ်ခွင့်များအား ရရှိစေမည့် ပုံနှိပ်မီဒီယာ ဥပဒေသစ်ကို ပြဋ္ဌာန်းရန်ပဲ ဖြစ်ပါတယ်” ဟု ဦးကျော်ဆန်းက ဆက်လက်ပြောဆိုသည်။
၎င်းဥပဒေသစ်အတွက် အစိုးရအနေနှင့် ၂ဝဝ၈ ကတည်းက ဒေသဆိုင်ရာ မီဒီယာ အဖွဲ့အစည်းများနှင့် ပူးပေါင်း
ဆောင်ရွက်မှုများ ရှိခဲ့ပြီး လက်ရှိအခြေအနေတွင် မူကြမ်း ရေးဆွဲလျက်ရှိရာ ယခုကွန်ဖရင့်မှ ရရှိချက်များကို ဒုတိယမူကြမ်းတွင် ထည့်သွင်းသွားမည် ဟုလည်း ဆိုသည်။
ဝန်ကြီးအဆိုအရ တတိယအဆင့်တွင်မူ မီဒီယာဥပဒေသစ်အရ လွတ်လပ်မှုနှင့် တာဝန်ယူမှုတို့ကိုသဟဇာတ ဖြစ်စွာ ကျင့်သုံးနိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက မီဒီယာများအား ပံ့ပိုးကူညီသွားမည်ဟု ဆိုသည်။
အဆိုပါ ကွန်ဖရင့်တွင်ပင် ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ် ကလည်း မီဒီယာပြုပြင် ပြောင်းလဲရေး အတွက် ‘နှစ်လမ်းသွား မဟာဗျူဟာ’ ချမှတ် အကောင်အထည် ဖော်လျက်ရှိကြောင်း ပြောဆိုသွားသည်။
“ဦးစွာအားဖြင့် ပုံနှိပ်မီဒီယာ ဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်ခြင်းနဲ့ ဒုတိယအားဖြင့်ကတော့ မီဒီယာ ဝန်းကျင်သစ် အတွက် ပြင်ဆင်သည့်အနေဖြင့် တဖြည်းဖြည်း လျှော့ချမှုများ ပြုလုပ်သွားရန်” ဟု ဦးရဲထွဋ်၏ Power point ဖြင့် တင်ပြဆွေးနွေးမှုတွင် ဖော်ပြပါရှိသည်။
၎င်းတို့အစိုးရအနေဖြင့် လွန်ခဲ့သော နှစ် ၅၀ အတွင်းက ‘အလွန်အကျွံ’ ဖြစ်မှုများကို ရှောင်ကြဉ်လိုကြောင်းလည်း ကွန်ဖရင့်တွင် ပြောဆိုသွားသည်။
ဦးရဲထွဋ်၏ ဆွေးနွေးချက်များတွင် မြန်မာ့မီဒီယာလောက ဖြစ်ပေါ်ပြောင်းလဲမှုများအား ဖြစ်စဉ်အလိုက် တင်ပြဆွေးနွေး ထားသည်။
၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် တသွေး-တသံ-တမိန့် တည်ဆောက်မှုမှာ နိုင်ငံရေးတွင် သာမက အခြား လူမှုရေးကဏ္ဍ အသီးသီးလည်း ပါဝင်ခဲ့ပြီး ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း ဥပဒေ ပြဋ္ဌာန်းခဲ့သည်။
ထိုစဉ်က စာပေစိစစ်ရေးသို့ ကြိုတင်ခွင့်ပြုချက် တောင်းရန်မလိုသေးဘဲ ထုတ်ဝေပြီး မိတ္တူ လေးခုသာ တင်ပြခဲ့ရာမှ ၁၉၆၄ ခုနှစ်တွင်မှ မထုတ်ဝေမီ ကြိုတင်ခွင့်ပြုချက် တောင်းခံရသည့်အနေအထားသို့ ပိုမိုတင်းကြပ်လာခဲ့သည်။
မူလက နိုင်ငံရေးစာပေလောက်သာ ခွင့်ပြုချက် တောင်းခံရန် လိုအပ်ပြီး ၁၉၇၇ တွင်မူ မည်သည့်စာပေ အမျိုးအစား မဆို စိစစ်ရေးသို့ ကြိုတင်ခွင့်ပြုချက် တောင်းခံ၍ ထုတ်ဝေရတော့သည်။
ယခုမူကြမ်းရေးဆွဲထားသည့် ပုံနှိပ်မီဒီယာ ဥပဒေသစ်အား နိုင်ငံတော် ရှေ့နေချုပ်ရုံးမှ သုံးသပ်အကြံပြုချက် များ ပြုထားပြီး ဒုတိယမူကြမ်းတွင် UNESCO ကျွမ်းကျင်သူများနှင့် ဤကွန်ဖရင့်မှ ထွက်ရှိချက်များလည်း ထည့်သွင်းသွား မည်ဟု ဦးရဲထွဋ်က တင်ပြ ဆွေးနွေးသွားသည်။ စာနယ်ဇင်းသမားများနှင့် အခြားသက် ဆိုင်သူများထံမှ အကြံဉာဏ် များလည်း ဝန်ကြီးဌာနက ရယူထားပြီး ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ မီဒီယာ ဥပဒေသစ် ပြဋ္ဌာန်းပြီးပါက ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဥပဒေကိုလည်း ဖျက်သိမ်းပစ်ပြီး မည်သည့်စာနယ်ဇင်းမျှ စိစစ်ရေးသို့ ကြိုတင် တင်ပြရန် မလိုတော့ဟု ဆိုသည်။ ၎င်းတွင် အပါတ်စဉ်ဂျာနယ် ၂၁၂ စောင်၊ လစဉ်မဂ္ဂဇင်း ၁၈၉ စောင်နှင့် အခြားအမျိုးအစား ၅၃၂ မျိုးလည်း အကြံုးဝင်မည်ဟု ဆိုသည်။
အဆိုပါ ကွန်ဖရင့်သို့ ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာများမှ ကိုယ်စားလှယ်ပေါင်း ၁၅ဝ ကျော်တက်ရောက် ကြပြီး အစိုးရ တာဝန်ရှိသူများအပြင် နိုင်ငံခြားနှင့် မြန်မာ စာနယ်ဇင်းသမားများလည်း ပါဝင်ဆွေးနွေးခဲ့ရာ ဦးကျော်မင်းဆွေ (The Voice)၊ ဦးကိုကို (ရန်ကုန်မီဒီယာ)တို့လည်း ဦးဆောင်ပါဝင် ဆွေးနွေးခဲ့ကြသည်။
အင်္ဂါနေ့ အစီအစဉ်တွင်လည်း နိုင်ငံခြား စာနယ်ဇင်းသမားများနှင့် ပညာရှင်များအပြင် မြန်မာစာနယ်ဇင်း သမားများဖြစ်ကြသည့် မောင်ဝံသ (ပြည်သူ့ခေတ်)၊ ဦးစိုးမြင့် (မဇ္စျိမ)၊ ရဲနိုင်မိုး (မီဒီယာ သင်တန်းဆရာ)တို့လည်း ဦးဆောင်ဆွေးနွေးကြမည် ဖြစ်သည်။