ပဲခူးတိုင်း လယ်သမားများ ဘဏ်ချေးငွေဆပ်ရန် အခက်ကြံု

ပဲခူးတိုင်း လယ်သမားများ ဘဏ်ချေးငွေဆပ်ရန် အခက်ကြံု
by -
မဇ္စျိမ

ပြီးခဲ့သည့်နှစ် မိုးရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးမှုတို့ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းရှိ လယ်ကွင်းများ အကြိမ်ကြိမ် ရေမြုပ်ဆုံးရှုံးခဲ့ရကာ ယခုအခါ မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးဘဏ်မှ ရယူထားသော စိုက်ပျိုးစရိတ် ချေးငွေများ ပြန်ဆပ်ရန် အခက်အခဲ ဖြစ်နေကြ ကြောင်း သိရသည်။

“စပါးက သုံးကြိမ် ပြန်စိုက်ရတယ်။ နောက်ဆုံးအကြိမ်မှာ စိုက်ဘဏ်က စိုက်စရိတ်ဆိုပြီး တဧကကို နှစ်သောင်းနှုန်းနဲ့ ထုတ်ပေးပါတယ်။ အဲဒီ စိုက်စရိတ်နဲ့ နောက်ဆုံးအကြိမ် စိုက်တော့လည်း မိုးက သီတင်းကျွတ် လပြည့်ကျော် ကတည်းက လုံးဝမရွာတော့ဘဲ စပါးခင်းတွေမှာ အောင်ရေ မရလိုက်ဘဲနဲ့ လုံးဝကို မရိတ်လိုက်ရတဲ့ ဘဝ ဖြစ်နေပါ တယ်” ဟု ဝေါမြို့နယ် ခင်တန်းကြီးကျေးရွာမှ ဦးဖိုးထွေးက ပြောသည်။

မိုးစပါး မအောင်ခဲ့သည့်အပြင် ဆောင်းရာသီတွင် စိုက်ပျိုးထားသည့် ပဲမှာလည်း ငမြောင်တောင်ပိုး ဖျက်စီးမှုကြောင့် စိုက်ပျိုးစရိတ်နှင့် ရင်းနှီးထားရသည့် ငွေကြေးပါ ဆုံးရှုံးနေရကြောင်း ဝေါမြို့နယ်မှ လယ်သမားကြီးများက ပြောသည်။

“စပါးရှုံးပြီးတော့ ပဲ ဧက ၃၀ လောက် စိုက်ဖြစ်တာမှာ ပိုးမွှားဖျက်စီးလို့ ၁၅ ဧကပဲ ပြန်ရတယ်။ ၁၅ ဧကကို ခု တဝက်လောက် သိမ်းပြီးပါပြီ။ ပဲ ၈၀ လောက်ရတယ်။ ကျန်တဲ့ တဝက်ကို အလုပ်သမားစရိတ်၊ ဘာညာ တွက်ချက် ကြည့်ပြီး ဆက်မသိမ်းဖို့ ဆုံးဖြတ်ထားပါတယ်” ဟု တမာတကော ကျေးရွာမှ တောင်သူ ဦးမြင့်လွင်က ပြောသည်။

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေများကို တဧကလျှင် ငွေကျပ်
နှစ်သောင်းနှုန်းဖြင့် ၁ဝ ဧက နှစ်သိန်းထိ နှစ်စဉ် ထုတ်ချေးလျက်ရှိပြီး စပါးပေါ်ချိန် ဇန်နဝါရီလတွင် ပြန်လည်
ပေးဆပ်စေသော်လည်း ယခုနှစ်တွင် တောင်သူလယ်သမားကြီးများ၏ စုပေါင်းမေတ္တာရပ်ခံမှုကြောင့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးဆပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။

“ဒီနှစ်ထဲမှာတော့ ဘယ်လိုမှ မဆပ်နိုင်ပါဘူး။ မဖြစ်မနေ ဆပ်ရမယ်၊ မဖြစ်မနေ ဆပ်ခိုင်းတယ်ဆိုရင်တော့ ကျနော်တို့ ကလည်း ရှိတဲ့နွား၊ ပိုင်တဲ့နွားလေးတွေကို ဝယ်မယ့်သူလည်း မရှိတော့ နွားသတ်ကိုပဲ ရောင်းဆပ်ရမယ့်ကိန်း ဆိုက်နေပါတယ်” ဟု ခင်တန်းကြီးကျေးရွာမှ ဦးဖိုးထွေးက ပြောသည်။

ရာသီဥတုကြောင့် စပါးအထွက်နှုန်း နည်းသည့်အပြင် စပါးစျေးမှာ တင်း ၁ဝဝ လျှင် လေးသိန်း ပတ်ဝန်းကျင်ရှိခဲ့ရာမှ ယခုနှစ်တွင် နှစ်သိန်း ရှစ်သောင်းခန့်သာ ရရှိတော့သဖြင့် လယ်သမားအများစုမှာ အလုပ်သမားခကိုပင် ကြိုးစားပေး နေရကြောင်း သိရသည်။

ဖေဖေါ်ဝါရီ ရ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက "ဒေသဝမ်းစာ ဖူလုံရေးအတွက် နွေစပါးနှင့်မိုးစပါးများကို အမိန့်ညွှန်ကြားချက်ဖြင့် စိုက်ပျိုးစေခြင်းသည် သက်ဆိုင်ရာဒေသ ရေမြေရာသီဥတုနှင့် မကိုက်ညီပါက အဘက်ဘက်မှ ဆုံးရှုံးမှုများ ရှိလာနိုင်ပါတယ်" ဟု ထောက်ပြ ပြောဆို သွားခဲ့ပြီး စပါးနှင့် သီးနှံစျေး နိမ့်ကျ၍ တောင်သူလယ်သမားများ၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးသမားများ အရှုံးပေါ်နေရကြောင်းလည်း ဦးရွှေမန်းက ဝန်ခံပြောကြားသွားခဲ့သည်။

Most read this week