ရပ်ဆိုင်းထားသည့် မြစ်ဆုံဆည် တည်ဆောက်မှုကို ပြန်လည်စတင်နိုင်ရန် ဆွေးနွေးနေသည့် သတင်းများ ကြားသိရ၍ ကန့်ကွက်မှုများလည်း နယ်ပယ်အသီးသီးမှ ထွက်ပေါ်လာသည်။
စီမံကိန်း ပြန်လည် စတင်မည်ဆိုသည်မှာ ပြည်သူလူထုဆန္ဒအား ဆန့်ကျင်သည့် လုပ်ရပ်အဖြစ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
"ဒါကတော့ ကျနော်တို့က ကန့်ကွက်ရမှာပဲ။ အခု ပြန်လုပ်မယ်ဆိုတဲ့ကိစ္စဟာ အင်မတန်ကို မိုက်ရိုင်းမှုလို့ ကျနော် ယူဆတယ်။ ဒီမိုကရေစီလို့သာ အော်တာ၊ လုပ်တာတခြား အော်တာတခြား ဖြစ်နေတယ်။ အဲဒီတော့ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တာတော့ ကျနော် လုံးဝ သဘောမတူဘူး" ဟု မဇ္ဈိမကို ပြောသည်။
မြစ်ဆုံဆည် တည်ဆောက်မှု အမြန်ဆုံး ပြန်လည်စတင်နိုင်ရန် မြန်မာအစိုးရ ခေါင်းဆောင်များနှင့် ဆွေးနွေးနေ ကြောင်း တရုတ်စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Lu Qizhou ၏ ပြောဆိုမှုကို China daily သတင်းစာ၏ အင်တာနက် စာမျက်နှာတွင် စနေနေ့က ဖေါ်ပြမှုကို ညွှန်းဆို၍ ဦးအုန်းက ပြောခြင်းဖြစ်သည်။
မြစ်ဆုံဒေသတွင် ကမ္ဘာ့ရှားပါး ပန်းနှင့်သစ်ခွများ၊ အပင်များ၊ လိပ်ပြာများနှင့် တရိစ္ဆာန်များ ရှိနေ၍ "အဲဒီလောက်
ကောင်းတဲ့နေရာကို ဆည်ကြောင့် ပျက်ဆီးမယ်ဆိုရင် ကျနော်တို့ မလဲနိုင်ဘူး" ဟု ဦးအုန်းက မဇ္ဈိမကို ပြောသည်။
ထို့အပြင် ၂ဝ၁၁ ခုနှစ်ကတည်းက မြစ်ဆုံဆည် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုကလည်း ဆက်လက် ကန့်ကွက်သွားရန် ပိုင်းဖြတ်ပြီးဖြစ်ကြောင်း "ကျနော်တို့ အရင်တုန်းက မလုပ်ဖို့ ကန့်ကွက်ခဲ့တယ်။ အဲဒီတော့ ကျနော်တို့ ကန့်ကွက်တာဟာ မှန်တယ်လို့ ယုံကြည်ထားတဲ့အတွက် မလုပ်ဖို့ ဆက်တားကို တားရမယ် ဆိုတာတော့ သေချာသွားပါပြီ။ တကယ့်ကို ကျနော်တို့ အစိုးရက မြစ်ဆုံဆည် ဆောက်ဖို့ စပြီဆိုတဲ့ အချိန်မှာတော့ ကျနော်တို့ တိတိကျကျကို ရင်ဆိုင်သွားပါမယ်" ဟု မဇ္ဈိမကို ပြောသည်။
မင်္ဂလာမြန်မာ NGO ၏ ဒါရိုက်တာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ််ဆောင်နေသူ ဒေါက်တာ ဖုန်းဝင်း ကမူ မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများမှ တိကျသေချာသည့် သုတေသနများပြုလုပ်ကာ ဆုံးဖြတ်သင့်သည်ဟု ဆိုသည်။
"ကျနော်ကတော့ သုတေသနကို သေသေချာချာ လုပ်ပြီးတော့မှ အချက်အလက်တွေ စုံတော့မှ လုပ်သင့်တယ် မလုပ်သင့်ဘူး ဆုံးဖြတ်တာ ပိုကောင်းတယ်လို့ထင်တယ်။ လူထုက သဘောတူတယ်ဆိုရင် ဆက်လုပ်ရမယ်ပေါ့" ဟု မဇ္ဈိမကို ပြောသည်။
ဆောက်လုပ်နေသည့် ကုမ္ပဏီအား ဝိုင်းဝန်းရင်ဆိုင်ကြရန်နှင့် နိုင်ငံတကာဖိအားလည်း လိုအပ်ကြောင်း ကာတွန်းဆရာအော်ပီကျယ် က ဆိုသည်။
"ကျနော်တို့ တိုင်းရင်းသားတွေအားလုံး၊ ကချင် တိုင်းရင်းသားတွေရောပေါ့။ ကျနော်တို့ ဒီမြစ်ဆုံကိစ္စကို စဉ်းစားရင် ရင်ထဲမှာ နာပါတယ်။ ဒီဟာကို တရုတ်ကုမ္ပဏီနဲ့ ရင်ဆိုင်ဖို့အတွက် ပြည်သူတရပ်လုံးကရော၊ ပညာရှင်တွေကရော၊ အနုပညာသည်တွေကရော ဖြေရှင်းပေးဖို့ ကျနော်တို့ ဝိုင်းကူမှာပါ။ ဒီဟာက နိုင်ငံတကာ ဖိအားပါ လိုလာပါပြီ" ဟု မဇ္ဈိမကို ပြောသည်။
လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လုပ်နိုင်မည့် ဒေါ်လာ ၃၆ သန်းတန် မြစ်ဆုံဆည် စီမံကိန်း ဖေါ်ဆောင်ရခြင်းမှာ အမျိုးသားအကျိုးစီးပွားအတွက်ဟု လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ၂ဝ၁၁ ခုနှစ်အတွင်းက ပြောဆိုခဲ့ခြင်းကို "သူတို့က သူတို့လုပ်ချင်တာတွေ စွတ်စွတ်ပြီး ပြောတယ်။ မျက်စိပိတ်ပြီးတော့ တိုင်းပြည်ရောင်းစားတဲ့ လူတွေရဲ့ အပြောကို ခင်ဗျားတို့ မယုံကြပါနဲ့။ ကျနော်တော့ လုံးဝမယုံဘူး။ အမျိုးသား အကျိုးစီးပွားဆိုတာ ကြားကောင်းအောင် အော်တာ။ အလကားပဲ။ ကျနော်တော့ လုံးဝ အယုံအကြည်မရှိဘူး" ဟုလည်း ဦးအုန်းက ဝေဖန်ပြောဆိုသည်။
မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်လာပါက ပြည်သူ၏ သဘောထားကို ရယူက လွှတ်တော်တွင်း ကန့်ကွက်သွားမည်ဟုလည်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
ဖေဖေါ်ဝါရီလအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် အောက်လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကိုနှင့် တွေ့ဆုံစဉ် မြစ်ဆုံဆည် စီမံကိန်းကို သင်ခန်းစာယူကာ တရုတ်၊ မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေသည့် စီမံကိန်းများဖြစ်သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း လုပ်ငန်းများ၊ ကားလမ်းနှင့် မီးရထားလမ်း စီမံကိန်းကြီး များကို အောင်မြင်စွာ အကောင်အထည် ဖေါ်နိုင်ရေးအတွက် ဆက်လက် တာဝန်ယူဆောင်ရွက်သွား မည်ဟု ကတိပေးခဲ့သည်ကို နိုင်ငံပိုင် သတင်းစာများက ဖေါ်ပြခဲ့သေးသည်။
မစ္စတာ ဝူဘန်ကို ကလည်း မြစ်ဆုံဆည် တည်ဆောက်ရပ်ဆိုင်းရခြင်းမှာ အနောက်နိုင်ငံများမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများ၊ ရာသီဥတု ပြောင်းလဲမှုများကို အကြောင်းပြကာ စီးပွားရေး လုပ်ငန်းအချို့ကို အနှောက်အယှက် ပြုနေ သည်ဟု ဦးရွှေမန်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ၂၇ မိုင်အကွာတွင် တည်ရှိပြီး စီမံကိန်းကို အမှတ် ၁ လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ် China power Investment Corporation –CPI တို့ အကျိုးတူဆောင်ရွက်နေရာ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့သည်။
ဆည်ကြောင့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း၊ မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိရေခဲတောင်များ အရည်ပျော်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပေါ်လာစေနိုင်ပြီး အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက ဆည်ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကြေ ပျက်စီးမှု ရှိနိုင်ခြင်း၊ ဧရာဝတီမြစ် ထိခိုက်ပျက်စီးနိုင်ခြင်းတို့ကြောင့် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စိုးရိမ်ပူပန်မှုများကြောင့် ပြည်သူများ၏ ဆန္ဒကို အလေးထားသောအားဖြင့် မိမိတို့ အစိုးရ လက်ထက်တွင်ဆောက်လုပ်ခြင်းမပြုရန် သမ္မတဦးသိန်းစိန်မှ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ အတွင်းက ဆုံးဖြတ်ခဲ့သည်။