ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ပနိုင်ငံများမှ လေ့လာသူများ ပထမဆုံးအကြိမ်အဖြစ် တက်ရောက် လေ့လာခဲ့ကြသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။
လွိုင်ကော်မြို့ ပြည်နယ်ဧည့်ရိပ်သာအတွင်း ဆွေးနွေးပွဲသို့ အမေရိကန်သံမှူး Mr Andrew Webster ၊ ဗြိတိန်သံရုံး ဒုတိယအတွင်းဝန် Mr Joe Fisher နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Hans ten Feld တို့ တက်ရောက်လေ့လာခဲ့ကြသည်ကို ရည်ညွှန်း၍ ပြောခြင်းဖြစ်သည်။
"လေ့လာသူတွေ တက်လို့ ဘာအကျိုးရလဲဆိုတော့ သူတို့ကို သက်သေထားတဲ့ သဘောပါပဲ။ ပွင့်လင်းမှု မြင်သာမှု ပေါ့။ သူတို့ကိုလည်း ရင်းရင်းနှီးနှီးနဲ့ အစအဆုံး နားထောင်ခွင့်ပေးတယ်ပေါ့။ ဘာကိုမှဖုံးထား တာမရှိဘူး။ ဘာကိုမှ ထိန်ချန်တာမရှိဘူး ဆိုတာကို ပြချင်တဲ့သဘောပေါ့" ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် ပတ်သက်၍ မတ်လ ၁ ရက်နေ့ အစိုးရသက်တမ်း တနှစ်ပြည့် သမ္မတ မိန့်ခွန်းတွင်လည်း "ကျနော်တို့ အစိုးရ လက်ထက်မှာ ဒီလို မယုံမရဲဖြစ်နေတဲ့ စိုးရွံ့မှုတွေ ပပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါ ကျနော်တို့ အစိုးရရဲ့ခံယူချက် လည်း ဖြစ်ပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ ကျနော်တို့မှာ ပရိယာယ်တွေ မရှိပါဘူး" ဟု ထည့်သွင်း ပြောသွားသည်။
KNPP နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ ဗုဒ္ဓဟူးနေ့ ဆွေးနွေး မှုအတွင်း နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းထားရန်၊ ဆက်ဆံရေးစခန်းများ သင့်တော်သော နေရာတွင် ဖွင့်လှစ်ထားရှိရန်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ရန်တို့ကို သဘောတူညီမှု ရရှိခဲ့ကြသည်။
KNPP နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ယခုတကြိမ် တွေ့ဆုံဆွေးနွေးမှုသည် သုံးကြိမ်မြောက်ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက တကြိမ်၊ ၂ဝ၁၂ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက တကြိမ် တွေ့ဆုံဆွေးနွေးပြီးဖြစ်သည်။
ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုသည် အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ၆ ဦး တက်ရောက်ခဲ့ပြီး ဝန်ကြီး အရေအတွက် အများဆုံး တက်ရောက် ဆွေးနွေးခဲ့သည့် ဆွေးနွေးပွဲ ဖြစ်သည်ဟုလည်း ဦးလှမောင်ရွှေက ပြောသည်။
"ဒီလိုမျိုး ဆွေးနွေးပွဲက ရှေ့မှာရှိတဲ့ ဘယ်အဖွဲ့အစည်းနဲ့မှ ဒီလောက်များအောင် မတွေ့ဖြစ်သေးဘူးပေါ့။ သူတို့ အရှိန်အဟုန်နဲ့ လုပ်နေပြီလို့ ကျနော် ခန့်မှန်းတယ်။ အစိုးရဘက်ကလည်း အားကြိုးမာန်တက် လုပ်လာပုံ ပေါ်တယ်။ အစိုးရဘက်က ဝန်ကြီး ၆ ပါးနဲ့ ဝန်ကြီးချုပ် တယောက် တက်တယ်ဆိုတော့ ဒါအများဆုံးပဲ" ဟု ဦးလှမောင်ရွှေကပြောသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်း အပါအဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်း၊ ဦးဉာဏ်ထွန်းအောာင်၊ ဦးသန်းဋ္ဌေး၊ ဦးခင်ရီ၊ ဦးခင်မောင်စိုး တို့အပြင် ကယားပြည် နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးတို့ တက်ရောက်ခဲ့သည်။
KNPP ဘက်မှလည်း ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင် ဦးခူးရယ်၊ ကရင်နီ တပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီမှ ဗိုလ်မှူးကြီး ဘုန်းနိုင်၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘုန်းတော်ကြီး ရ ပါး တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ သတင်းမီဒီယာ ၂ဝ ခန့်လည်း သတင်းယူခဲ့ကြပြီး ငြိမ်းချမ်းရေး ကိုယ်စားလှယ်များကို ဒေသခံ ပြည်သူ ၈,ဝဝဝ ခန့်က ကြိုဆိုခဲ့ကြသည်ဟုလည်း သိရသည်။ KNPP သည် ၁၉၅၇ က တည်ထောင်ခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်သည်။