မော်ဒန်ဂျာနယ်ကို ဆောက်လုပ်ရေး အင်ဂျင်နီယာက တရားစွဲ

မော်ဒန်ဂျာနယ်ကို ဆောက်လုပ်ရေး အင်ဂျင်နီယာက တရားစွဲ
by -
မဇ္စျိမ

ပြည်တွင်းမှ အပတ်စဉ်ထုတ် မော်ဒန်ဂျာနယ် တာဝန်ခံ အယ်ဒီတာ နှင့် သတင်းထောက်တို့အား မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီက အသရေဖျက်မှု၊ အားပေးကူညီမှုတို့ဖြင့် တရားစွဲခဲ့ရာ အင်္ဂါနေ့ ပထမဆုံး ရုံးချိန်းတွင် အာမခံ ရခဲ့ကြောင်း အကျိုးဆောင်ပေးသူ ရှေ့နေ ဦးမြင့်သွင် က ပြော သည်။

မန္တလေးအခြေစိုက် သတင်းထောက် မသက်စုအောင် က သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကားလမ်းများ ပျက်စီးနေမှုနှင့် ပတ်သက်၍ သတင်းဆောင်းပါး ရေးသားခဲ့သည့်အပေါ် မော်ဒန်ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးဝေလျှံကို အသရေ ဖျက်မှု ပုဒ်မ ၅ဝဝ၊ သတင်းထောက် မသက်စုအောင်ကို အားပေးကူညီမှု ပုဒ်မ ၁ဝ၉ တို့ဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“ဦးတိုက်လျှောက်လွှာထဲမှာ မြို့နယ် ထွေ/အုပ်နဲ့ အင်ဂျင်နီယာချုပ်ရဲ့ ညွန်ကြားချက်တွေကို ရည်ညွန်းပြီးတော့ မြို့နယ်ထွေ/အုပ်ကနေ စွဲခိုင်းတယ်။ လမ်းနဲ့ ပတ်သက်လို့ ကုမ္ပဏီကို ပေးထားတယ်။ သူတို့ အင်ဂျင်နီယာ ကနေပြီးတော့ ပိုက်ဆံကောက်ခံခိုင်းတဲ့ကိစ္စ သူတို့နဲ့ မသက်ဆိုင်ဘဲနဲ့ သူတို့ အင်ဂျင်နီယာကို စွပ်စွဲတဲ့အတွက် အသရေဖျက်မှုနဲ့ တရားစွဲတာပါ”ဟု ဦးမြင့်သွင်က ပြောသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက ‘ဆုထူးပန်’ကုမ္ပဏီအား တံတားအခွန် ကောက်ခံခွင့် ပြုထားပြီး သတင်း ဆောင်းပါး ထဲတွင် မြို့နယ် ဆောက်လုပ်ရေးအင်ဂျင်နီယာက ငွေကောက်ခံခိုင်းသည်ဆိုသည့် စွပ်စွဲချက်ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း ဦးမြင့်သွင်က ပြောသည်။

၂ဝ၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက ထုတ်ခဲ့သည့် မော်ဒန်ဂျာနယ်တွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကားလမ်းနှင့် တံတားများ ပျက်စီးနေမှုကို ‘လမ်းလွှဲလေးတော့ ကောင်းစေချင်’ ဟူသည့် ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး ရေးသား ခဲ့ခြင်းကြောင့် တရားစွဲဆိုခြင်း ဖြစ်သည်။

သပိတ်ကျင်းမြို့နယ်အတွင်း တံတားလမ်းလွှဲများ မကောင်းသဖြင့် ကားသမားများက ကုန်ကားများ မကြာခဏ တိမ်းမှောက်မှု ဖြစ်ပွားနေသဖြင့် ကားလမ်းများ ကောင်းစေချင်ကြောင်းနှင့် တံတားဖြတ်သန်းခ ငွေကောက် မှုများ ပိုမိုများပြားလာမှုအပေါ် မကျေနပ်သဖြင့် သတင်းထောက်များအား ပြောပြခဲ့ရာမှ သတင်းသမားများ ကိုယ်တိုင် ကွင်းဆင်းလေ့လာ၍ သတင်းဆောင်းပါး ရေးထားခဲ့သည်ဟု မော်ဒန်ဂျာနယ် အထက်မြန်မာပြည် တာဝန်ခံ ဦးကျော်ရင်မြင့်က ပြောသည်။

“ကွင်းဆင်းခဲ့ပြီးတော့ သွားကြည့်တဲ့အခါ တံတားလမ်းလွှဲတွေလည်း မကောင်းတာ မှန်တယ်။ တံတား အစောင့် တယောက်ကို မေးတဲ့အခါမှာလည်း သူ့ကို သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာက တာဝန်ပေးထားတာ ပါလို့ ဖြေတဲ့အချက်လည်း ရေးထားတယ်။ သတင်းထဲမှာ တံတားလမ်းလွှဲတွေလည်း ကောင်းစေချင်တယ် ဆိုတာလည်း ရေးထားတယ်”ဟု သူက မဇ္ဇျိမကို ပြောသည်။

ထို့ပြင် မော်ဒန်ဂျာနယ်တွင် လမ်းတံတား မကောင်းခြင်း၊ ကုန်ကားကြီးများ အလေးချိန်ချိန်သည့် ကတ္တားများ မမှန်ကန်မှု စသည့်အကြောင်းအရာများကို ဖော်ပြခဲ့သဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက ဆောက်လုပ်ရေး ဝန်ကြီးဌာနှ အဆင့်မြင့် အရာရှိတဦးက မော်ဒန်ဂျာနယ်က သတင်းထောက် မသက်စုအောင်နှင့် တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံခဲ့သည်ဟု ဦးကျော်ရင်မြင့်က မဇ္စျိမကိုု ဆက်ပြောသည်။

“အငြိမ်းစား ဒုဗိုလ်မှူးကြီးတဦးက နည်းနည်းတင်းမာပြီးတော့ ကျနော်တို့ကို အဲဒီကတည်းက တရားစွဲမယ် ဆိုပြီး သူပြောပါတယ်။ ဒီလို တရားစွဲခြင်းဟာ ကျနော်တို့ ရေးသားနေတဲ့ ဆောက်လုပ်ရေး လမ်းတံတားနဲ့ ပတ်သက်တဲ့ ချွတ်ယွင်းချက်တွေကို ဆက်မရေးအောင် ဟန့်တားချင်တဲ့ သဘောလည်း ပါမယ်”ဟု သူက ပြောသည်။

သတင်းဂျာနယ်များတွင် ရေးသားချက်များကို သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များကလည်း အလေးထား လုပ်ဆောင်မှုများ ရှိလာသဖြင့် မီဒီယာက အရေးပါသည့် အခန်းကဏ္ဍမှာ ပါဝင်လာသည်ဟု ဦးကျော်ရင်မြင့်က သုံးသပ်ပြောဆိုသည်။

“တကယ် မမှန်ကန်ဘူး။ တကယ် ထိခိုက်တယ်ဆိုရင်လည်း နစ်နာသူ ဘယ်သူမဆို တရားစွဲပါ။ မစွဲပါနဲ့လို့ မပြောလိုဘူး။ သို့သော် အလွယ်တကူ့ တရားစွဲနေတာမျိုးတော့ မဖြစ်အောင် ဟန့်တားတာမျိုး ရှိအောင် မီဒီယာဥပဒေထဲမှာ မီဒီယာသမားတွေဘက်က ရပ်တည်ပြီးတော့မှ ရေးဆွဲတာ ပါစေချင်တယ်။ အကာကွယ် ပေးတာမျိုးတော့ မလွဲမသွေ ပါစေချင်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံတွင် တည်ရှိနေသေးသော ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေ၊ ၁၉၅ဝ အရေးပေါ်စီမံချက် ဥပဒေ စသည့် ဥပဒေများ မဖျက်သိမ်းသရွေ့ မီဒီယာသမားများ ယခုကဲ့သို့ တရားစွဲဆိုမှုများ ဆက်လက် ရှိလာနိုင် သဖြင့် ဖျက်သိမ်းသင့်ကြောင်း မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဦးဇင်လင်းက ပြောသည်။

“မလိုလားအပ်တဲ့ ဥပဒေတွေ ရှိနေသမျှ ကာလပတ်လုံး သတင်းစာလွတ်လပ်ခွင့် ဘယ်လောက်ပေးပါတယ် ပြောပြော ဒါတွေနဲ့ အမြဲတမ်း အရေးယူခံနေရမှာ ဖြစ်တယ်။ သတင်းစာသမားတွေကို ခြိမ်းခြောက်တာပဲ။ အဲဒီလို မကြာမကြာ တရားစွဲခံရလို့ သတင်းစာသမားက ပြည်သူသိသင့်တာကို ဖော်ပြဖို့ကိစ္စမှာ တွန့်ဆုတ်မှု ဖြစ်လာမယ်။ ဒါ(ဟန့်တားမှု)က ဒီမိုကရေစီအပြောင်းအလဲမှာ ပထမဆုံး နမူနာလည်း ဖြစ်လာနို်င်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

အဆိုပါ သတင်းဆောင်းပါးမျိုးသည် အစိုးရကို အထောက်အကူဖြစ်စေသည့် ဆောင်းပါးမျိုးဖြစ်သည်ဟု ရှုမြင်ကြောင်းနှင့် ပုဂ္ဂိလ်ရေး တိုက်ခိုက်ခြင်း မဟုတ်သဖြင့် မီဒီယာသမားများအား စိန်ခေါ်မှုတခု ဖြစ်လာသဖြင့် မလိုလားအပ်သည့် ဥပဒေများ ဖျက်သိမ်းနိုင်ရန် သတင်းသမားများ ညီညီညွတ်ညွတ်နှင့် ဆန့်ကျင်သွားရန် ဦးဇင်လင်း က တိုက်တွန်းလိုက် သည်။

ဆောက်လုပ်ရေး အင်ဂျင်နီယာဘက်မှ ဦးတိုက်လျှောက်ထားသည့် အချက်များနှင့် မငြိစွန်းကြောင်းနှင့် မကျူးလွန်ကြောင်းကို ဥပဒေအရ ရင်ဆိုင်သွားရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

မော်ဒန်ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံတို့ဘက်မှ တရားလွှတ်တော် ရှေ့နေကြီး ဦးကျော်ဆန်း၊ မန္တလေးမှ ရှေ့နေ ဦးမြင့်သွင်နှင့် အထက်တန်းရှေ့နေ ဦးနိုင်နိုင်ထွန်းတို့ လိုက်ပါဆောင်ရွက်ပေးနေကြောင်း သိရသည်။

မန္တလေးမြို့မှ မိုင် ၁ဝဝ ခန့်အကွာတွင် တည်ရှိသော သပိတ်ကျင်းမြို့နယ် တရားရုံးတွင် အင်္ဂါနေ့က အမှုစတင် စစ်ဆေးခြင်းမရှိဘဲ လာမည့် မတ်လ၂၃ ရက်နေ့မှာ ရုံးချိန်းပေးလိုက်ကြောင်း သပိတ်ကျင်းမြို့နယ် တရားရုံးက ပြော သည်။

Most read this week