ကြားဖြတ်ရွေးကောက်ပွဲအတွက် ဖျာပုံခရိုင် ကော်မရှင်မှ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် အမည်စာရင်း ထုတ်ပြန်ရာတွင် မှားယွင်းမှု များစွာတွေ့ရှိရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဖျာပုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း က ပြောသည်။
မှတ်ပုံတင်နံပါတ် တခုတည်းကို အမည်အမျိုးမျိုးဖြင့် လူ ၂ဝ ကျော် ဖြစ်နေခြင်း၊ သေဆုံးပြီးသူများ မဲဆန္ဒရှင် စာရင်း တွင် ပါဝင်နေခြင်း၊ မဲပေးခွင့်ရှိသူအချို့၏ အမည် မဲဆန္ဒရှင်စာရင်းတွင် မပါဝင်ခြင်း စသည့် မှားယွင်းမှုများ ဖြစ်ပေါ် နေသည်ဟု ဆိုသည်။
မဲဆန္ဒရှင် ရ၀၀ ခန့်ရှိမည့် ဖျာပုံမြို့ အမှတ် ၁၆ ရပ်ကွက်တွင် မှတ်ပုံတင်နံပါတ် ၁၄/ဖပန (နိုင်) ၁၄၄၂၆၇ တခုတည်း ကို လူ ၂၆ ယောက် ဖြစ်နေသည့် အပြင်၊ NLD ပါတီဝင် မဲရုံမှူးများလည်း မဲစာရင်းတွင် မပါဝင်ဟု NLD ကိုယ်စားလှယ် လောင်း ဦးသိန်းဆွေက မဇ္ဈိမကို ပြောသည်။
“တော်တော်ဆိုးဆိုးရွားရွားချည်းပါပဲ။ ဦးဖြူ မှတ်ပုံတင်နံပါတ် ဒီအတိုင်းပဲ၊ ဦးနီ မှတ်ပုံတင်နံပါတ် ဒီအတိုင်းပဲ။ မဲရုံ ကိုယ်စားလှယ်အဖြစ် ကျနော်တို့ တာဝန်ပေးခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေလည်း မဲစာရင်းမှာ မပါဘူး။ နောက်တခါ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက သေဆုံးသွားတဲ့သူတွေ ဒီမဲစာရင်းမှာပါတယ်" ဟု ပြောသည်။
ဖျာပုံခရိုင် NLD က စိစစ်ဆဲ စာရင်းများအရ အထက်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၀ တွင် အကျံုးဝင်သည့် ဖျာပုံ ခရိုင်နှင့် ဒေးဒရဲခရိုင်များရှိ မဲဆန္ဒရှင်များ စာရင်းတွင်လည်း အထက်ပါဖြစ်ရပ်မျိုး ဖြစ်ပေါ်နေသည်ဟု ဖျာပုံ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ကိုကျော်ဇေယျာက မဇ္ဈိမကို ပြောသည်။
“ပြောရမယ်ဆိုရင် အမှားတွေချည်းပဲ။ ဥပမာဆိုရင် သေစာရင်းတွေ ပါတယ်။ နာမည်စာရင်းတွေ လွဲမှားနေတယ်။ အိမ်ထောင်စု ဇယားရှိလျက်နဲ့ မဲပေးခွင့် စာရင်းထဲ မပါဘူး။ လူဦးရေ တထောင်ရှိရင် ၁၀၀ ကျော်လောက် အဲဒီလိုမျိုး ဖြစ်နေပါတယ်” ဟု ကိုကျော်ဇေယျာက ပြောသည်။
အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ NLD ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင်များမှ တိကျသည့် စာရင်းများကူးယူ၍ ကော်မရှင်သို့ တင်ပြရန် ကြိုးပမ်းရာတွင်လည်း မဲစာရင်းကို ဒေသခံ အာဏာပိုင်တို့မှ ကူးယူခွင့် မပေးဟု ကိုကျော်ဇေယျာက ဆက်ပြောသည်။
“ကျနော်တို့ကို ပြဿနာ ရှာနေတာ စာရေးတွေပဲဗျ။ ကျိုက္ကဘာရွာက စာရေး ကိုခင်မောင်ဦးဆိုရင် ဘယ်လိုပြောလဲ ဆိုတော့ အကူးလည်း မခံနိုင်ဘူး၊ အခုလည်း အကူးမခံဘူး၊ နောင်လည်း အကူးမခံဘူး၊ တံတားတွေ ကျောင်းတွေကို ကြံ့ခိုင်ရေးက ပြုလုပ်ပေးထားတာ။ သူခိုးကို ဓါးရိုး မကမ်းနိုင်ဘူး” ဟု မချေမငံဆက်ဆံကြောင်း ကိုကျော်ဇေယျာက မဇ္ဈိမကို ပြန်လည် ပြောပြသည်။
ထို့အပြင် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့တည်းက ခရိုင်ကော်မရှင်မှ ထုတ်ပြန်ပြီးဖြစ်သည့် မဲဆန္ဒရှင် စာရင်းကိုလည်း မတ်လ ၃ ရက်နေ့အထိ ဖျာပုံမြို့ ၁၉ ရပ်ကွက်၊ ချောင်းဝ၊ ကျောင်းကုန်း၊ သပြေကန်၊ အရှေ့ဖျား၊ ဘဝသစ်၊ ရွှေတောင်စု၊ မြစ်တန်း၊ ချောင်းတွင်း၊ အောက်ကွင်း၊ ငါးအိမ်စု၊ ဂျိုဝါကျောက်ရဲ ကျေးရွာအုပ်စု စသည့် ရွာပေါင်း ၁၉ ရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားခြင်း မရှိသည့်အတွက် မဲဆန္ဒရှင် စာရင်း စိစစ်ရာတွင် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည် ဟု လည်း သိရသည်။
ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများမှ မဲဆန္ဒရှင်များအနေဖြင့် မိမိတို့ နာမည် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ခြင်းရှိ/မရှိ၊ မှားယွင်းမှု တစုံတရာရှိပါက ကော်မရှင်အဖွဲ့ခွဲများသို့ မတ်လ ၆ ရက်နေ့ နောက်ဆုံးထား အကြောင်းကြားရန် ညွှန်ကြား ထားသော်လည်း ဖျာပုံခရိုင် မင်းလှစုကျေးရွာသို့ မတ်လ ၄ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ရောက်ရှိမလာသေးဟု လည်း ကိုကျော်ဇေယျာက ပြောသည်။
ဤကိစ္စများနှင့် ပတ်သက်၍ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တို့သို့ တင်ပြ ထားပြီး၊ မဲဆန္ဒရှင်စာရင်းများ မှားယွင်းမှုကိုလည်း NLD ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီဝင်များ မှ ဆက်လက် စိစစ်ကာ တင်ပြသွားမည်ဟုလည်း ဦးသိန်းဆွေက ပြောသည်။
မဲဆန္ဒရှင်စာရင်း လွဲမှားမှုများကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ရ ရက် ကြိုတင်၍ ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများ အနေဖြင့် ကော်မရှင် အသီးသီးသို့ တင်ပြနိုင်ပြီး တင်ပြမှု အပေါ် ရွေးကောက်ပွဲ ကော်မရှင်မှ စိစစ်အတည်ပြုမည် ဖြစ်သည်။
ဖျာပုံခရိုင်၏ ကျေးရွာအုပ်စုပေါင်း ၅၂ အုပ်စုတွင် ရွာပေါင်း ၃၀၀ ကျော်ရှိပြီး ဒေးဒရဲခရိုင်တွင် ကျေးရွာအုပ်စု ၉၃ အုပ်စုတွင် ကျေးရွာပေါင်း ၁၉၀ ရှိသည်။ ဖျာပုံခရိုင်တွင် ၂၀၁၀ ရွေးကောက်ပွဲကာလက မဲဆန္ဒပေးခွင့်ရှိသူ ၁၉၀,၀၀၀ ကျော်ရှိနေပြီး ဒေးဒရဲခရိုင်တွင် ၁၄၀,၀၀၀ ကျော် မဲပေးခွင့်ရှိသည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်ဟုလည်း သိရသည်။
ဖျာပုံ၊ ဒေးဒရဲ အထက်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၀ တွင် ၂၀၁၀ ရွေးကောက်ပွဲအတွင်း ယခု ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်။