အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို ချဉ်းကပ်မှုများ ရှိလာသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထိခိုက်ခံမည်မဟုတ်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကို်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖေါ်ပြပါရှိသည်။
တရုတ်နိုင်ငံသို့ ၅ ရက်ကြာ သွားရောက်ခဲ့သည့် ဦးရွှေမန်း၏ ခရီးစဉ်အတွင်း "အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် မည်ကဲ့သို့ပင် ပြန်လည်ချဉ်းကပ်မှုလာသော်လည်း မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေဖြစ်သည့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မည်သို့မှ ထိခိုက်ခံမည်ဟုတ်ပါကြောင်း၊ နှစ်နိုင်ငံကြားဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်လက် အလေးထား ဆောင်ရွက်သွားရမည်" ဟု မစ္စတာ ဝူဘန်ကို အားပြောကြား ခဲ့သည်။
၂ဝ၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီကလင်တန်၏ ခရီးစဉ်ကို ဦးရွှေမန်းက ရည်ညွှန်းကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မစ္စစ် ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံစဉ်အတွင်း သူရ ဦးရွှေမန်း က "မည်သည့်နိုင်ငံအဖွဲ့အစည်း ဖြစ်စေ မြန်မာပြည်သူပြည်သားများ ဒုက္ခရောက်စေမည့် မူဝါဒများ၊ အစီအမံမျ ား၊ လုပ်ဆောင်ချက်များကို လက်မခံကြောင်း" ပြောကြားခဲ့သည်ကိုလည်း မစ္စတာ ဝူဘန်ကို အား ပြန်လည်ပြောပြသည်ကို သတင်းစာတွင် ဖေါ်ပြထားသည်။
မစ္စတာ ဝူဘန်ကို ကလည်း အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို စိတ်ဝင်စားမှု များပြားနေသည်ကို သတိပြုမိပြီး နှစ်နိုင်ငံ ဆက်ဆံရာတွင် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အပြန်အလှန် လေးစားသွားရမည်ဟုပြန်လည် ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံ အနေဖြင့်လည်း အနောက်နိုင်ငံများနှင့် ဆက်ဆံရာတွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကို အထိခိုက်ခံမည် မဟုတ်ဟု ဦးရွှေမန်းကို ပြန်လည်ပြောဆိုခဲ့သည်။
အနောက်နိုင်ငံများသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများ၊ ရာသီဥတု ပြောင်းလဲမှုများကိုအကြောင်း ပြကာ စီးပွားရေးလုပ်ငန်းအချို့ကို အနှောက်အယှက် ပြုနေသည်ဟု မစ္စတာဝူဘန်ကို က ပြောသည်။
ထို့အပြင် တရုတ်၊ မြန်မာ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်ရှိသည့် ၂ဝ၁၁ စက်တင်ဘာလအတွင်း သမ္မတ ညွှန်ကြား ချက်ဖြင့် ရပ်ဆိုင်းခဲ့သော ကချင်ပြည်နယ် မြစ်ဆုံဆည် စီမံကိန်း ပတ်သက်၍လည်း "မြန်မာနိုင်ငံ တွင် မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းအား ရပ်ဆိုင်းခဲ့ခြင်းသည် ပြည်တွင်း/ပြည်ပ အခြေအနေများကြောင့် ဖြစ်သည်”ဟု မစ္စတာ ဝူဘန်ကို က ပြောဆိုသည်။
သူရ ဦးရွှေမန်းကလည်း မြစ်ဆုံဆည် စီမံကိန်းကို သင်ခန်းစာယူကာ တရုတ်၊ မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေ သည့် စီမံကိန်းများဖြစ်သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုပ်ငန်းများ၊ ကားလမ်းနှင့် မီးရထားလမ်း စီမံကိန်းကြီးများကို အောင်မြင်စွာအကောင်အထည် ဖေါ်နိုင်ရေးအတွက် ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့သည်။
မစ္စတာ ဝူဘန်ကို က နှစ်နိုင်ငံအကြား လွှတ်တော်အဆင့် ပူးပေါင်းဆောက်ရွက်မှု မြှင့်တင်သွားရန်လိုအပ်ပြီး ကြံ့ခိုင်ရေး ပါတီနှင့် တရုတ် ကွန်မြူနစ်ပါတီတို့ လက်တွဲဆောင်ရွက်နိုင်ရန် နားလည်မှု စာချွန်လွှာများရေး ထိုးကာ ပါတီနှစ်ခုကြား အမြင်ဖလှယ်နိုင်ရန် လိုအပ်သည်ကိုလည်း ကြ့ံဖွံ့ပါတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ သူရ ဦးရွှေမန်းကို ပြောကြားခဲ့သေးသည်။ ထိုပြောကြားချက်ကို ဦးရွှေမန်း က လက်ခံသဘောတူခဲ့ပြီး လွှတ်တော်အမတ်များ အချင်းချင်း အပြန်အလှန် ဖလှယ်ရေး အစီအစဉ်ကိုလည်း လက်ခံခဲ့သည်။
ဦးရွှေမန်းက တရုတ်နှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ပြီး မြန်မာနိုင်ငံကို သိပ္ပံနှင့် နည်းပညာ တိုးမြှင့်သွားနိုင်ရေးအတွက် တရုတ်နိုင်ငံက ကူညီပေးရန် မစ္စတာ ဝူဘန်ကို အား ပြောကြားခဲ့သည်။
အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဦးရွှေမန်းက မြန်မာနိုင်ငံတွင် ပြည်ထောင်စုလွှတ်တော် ကျင်းပနေပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးသော ကိစ္စရပ်များ ဆွေးနွေးနေသော်လည်း တရုတ်အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ၏ ဖိတ်ကြားမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားသဖြင့် လာရောက်ရခြင်းဖြစ် သည်ဟုလည်း မစ္စတာ ဝူဘန်ကို အား ပြောကြားခဲ့သည်။
ဦးရွှေမန်းနှင့်အတူ အောက်လွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌများဖြစ်သည့် ဦးသိန်းဇော်၊ ဦးလှမြင့်ဦး၊ သူရဦးအောင်ကို၊ ဦးမောင်မောင်ဆွေနှင့် ဦးကြည်မင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးစိန်တင်ဝင်းနှင့် ဦးဆန်းဆင့် တို့လည်း လိုက်ပါသွားကြပြီး မစ္စတာဝူဘန်ကို အပြင် အခြား တရုတ်ခေါင်း ဆောင်များနှင့်လည်း ဆွေးနွေးခဲ့သေးသည်။