တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့၌ အန္တရာယ်ရှိသော လုပ်ငန်းများတွင် မြန်မာရွှေ့ပြောင်း အလုပ်သမများ လုပ်ကိုင်နေရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အမျိုးသမီး သမဂ္ဂ BWU ၏ ကြာသာပတေးနေ့ ထုတ် အစီရင်ခံစာအရ သိရသည်။
ရွှေလီမြို့ပေါ်မှ မြန်မာရွှေ့ပြောင်း အလုပ်သမ ၃၂ ဦးကို တွေ့ဆုံမေးမြန်းကာ ထုတ်ပြန်ထားသည့် “အသံမဲ့ သို့မဟုတ် ပုန်းကွယ် နေသော အရိပ်များ” အစီရင်ခံစာတွင် လိင်လုပ်ငန်း၊ ကျောက်သွေး လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်း စသည့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော လုပ်ငန်းခွင်များတွင် အကာအကွယ်မဲ့ လုပ်ကိုင်နေရသည်ဟု ပါရှိသည်။
“ကျောက်သွေးလုပ်ငန်းမှာဆိုရင် အင်ကြင်းကျောက်တွေကို ပုံဖေါ်ရတဲ့အခါ ဖုံမှုန့် အရမ်းများတယ်။ အဲဒါက မျက်နှာဖုံး တပ်ထားမှပဲ ရမယ်။ ဒီကထွက်တဲ့ အငွေ့တွေ အမှုန့်တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ ဆောက်လုပ်ရေးမှာ လုပ်တဲ့လူတွေလည်း ဒီလိုပဲ” ဟု BWU အထွေထွေ အတွင်းရေးမှူး ဒေါ်နိုးနိုးထက်စံ က မဇ္စျိမကို ပြောသည်။
ကျောက်သွေးလုပ်ငန်းအများစုသည် မနက် ၆ နာရီမှ ညနေ ၅ နာရီထိ အလုပ်လုပ်ကြရပြီး ကျန်းမာရေး ထိခိုက်မှု၊ အလုပ်ချိန် များလွန်းမှုတို့ကြောင့် ယင်းလုပ်ငန်းများကို တရုတ်လူမျိုးတို့က မလုပ်လိုကြဟု ကာယကံရှင် အလုပ်သမများက ပြောသည်။
“ကျမ တင်ပါးဆိုလည်း အမာခုံပေါ်မှာ တနေကုန်လုံးထိုင်ရလို့ အသားမာ တက်နေပြီ။ အလုပ်သမားတွေ အကုန်လုံး လည်း မျောက်တွေလိုပဲ အသားမာ တက်နေပြီ။ ဒီအလုပ်က ပင်ပန်းတယ်။ ဖုန်မှုံ့လည်း များတော့ တရုတ်တွေက မလုပ်ချင်ကြဘူး။ တချို့လူတွေ ဓါတ်မှန် ရိုတ်ကြည့်တော့ အမှုန်တွေကြောင့် အဆုတ်မှာ ဒဏ်ရာတွေ ရတာ တွေ့ရ တယ်။ ပေါလစ်တင်တဲ့ အချိန်မှာ အရမ်းအနံ့ဆိုးတဲ့ ဓါတုဗေဒ ပစ္စည်းတွေ သုံးရတယ်။ အဲဒါတွေ ရှုမိတော့ နှာခေါင်း ပိတ်ရောဂါ၊ ချောင်းဆိုးရောဂါ ခံစားရတယ်” ဟု အလုပ်သမတဦးကို ကိုးကား၍ အစီရင်ခံစာ၌ ဖေါ်ပြထားသည်။
ထို့အတူ ဓါတုဗေဒ ဆိုးဆေးများ အသုံးပြု လုပ်ကိုင်နေကြရသည့် ပရိဘောဂ အရောင်တင် လုပ်ငန်းများတွင် လည်း ကျန်းမာရေး အကာကွယ်မဲ့ လုပ်ကိုင်နေရသူများရှိသလို လိင်လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် မြန်မာ အမျိုးသမီးများမှာလည်း အကာအကွယ်မဲ့ အနိုင်ကျင့် လိင်ဆက်ဆံခြင်းမျိုး ကြံုတွေ့ရပြီး အမျိုးသမီး အချို့မှာ တရုတ်အမျိုးသားများ၏ ဇနီးသည်အဖြစ် ရောင်းစားခံရခြင်းများ ရှိသည်ဟု အစီရင်ခံစာ၌ ပါရှိသည်။
မြန်မာနိုင်ငံအတွင်း၊ နိုင်ငံရေး၊ စည်းပွားရေး တည်ငြိမ်မှု မရှိသဖြင့် ပုံမှန် ဝင်ငွေရရှိနိုင်ရန်နှင့် ကျန်ခဲ့သည့် မိသားစု များကို ထောက်ပံ့ပေးနိုင်ရန်အတွက် စီးပွားရေး လည်ပတ်မှု ကောင်းနေသည့် ရွှေလီမြို့ကို အလွယ်တကူ ရွေးချယ်ကြခြင်း ဖြစ်ကြောင်း ဒေါ်နိုးနိုးထက်စံက ပြောသည်။
BWU ၏ စစ်တမ်းကောက်ယူ ဖေါ်ပြချက်အရ ရွှေလီမြို့ပေါ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား တသိန်းကျော်နေထိုင်ပြီး ထိုအလုပ်သမားများမှာ လုပ်အားခနှင့် ထိုက်သင့်သည့် လစာခံစားခွင့်၊ ကျန်းမာရေး စောင့်ရှောက်ခွင့် အပါအဝင် အလုပ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားခွင့် မရရှိကြဟု ဆိုသည်။
“တရုတ်တွေ ဆိုလို့ရှိရင် တလကို အခြေခံလစာ အမေရိကန်ဒေါ်လာ ၁ ထောင် မကျော်ရင် အလုပ်မလုပ်ဘူး။ အဲဒီမှာမြန်မာတွေက တလကို ဒေါ်လာ ၂ ရာကျော် ၃ ရာနဲ့ လုပ်ကြရတယ်။ အလုပ်ခွင်မှာ ထိခိုက်မှု ဖြစ်ရင်လည်း တော်တော်များများက လျော်ကြေးနဲ့ ကျန်းမာရေးစောင့်လျှောက်ခွင့် မရဘူး” ဟု ဒေါ်နိုးနိုးထက်စံ က ပြောသည်။
တရုတ်-မြန်မာ စကားပြန် လုပ်ငန်း လုပ်ကိုင်နေသူ မမူမူ ကလည်း ရွှေလီမြို့ပေါ်ရှိ မြန်မာအလုပ်သမားများ စုမှာ လုပ်ခလစာနှင့် ပတ်သက်၍ တရုတ်လုပ်ငန်းရှင်များ၏ အနိုင်ကျင့် ချယ်လှယ်ခြင်းကို ခံရကြောင်း မဇ္စျိမကို ပြောသည်။
“ဒီမှာက အခက်ခဲတွေ အမျိုးမျိုးရှိတယ်။ တလပြည့်မှ လခထုတ်ပေးတယ်။ ပေးရင်လည်း ၆ ရာ ရမယ်ဆိုရင် ၄ ရာပဲ ထုတ်ပေးတယ်။ ၂ ရာကို စပေါ်သဘောမျိုး ယူထားမယ်။ အဲဒီ ယူထားတဲ့ ၂ ရာကို ၆ လပြည့်မှ၊ တနှစ်ပြည့်မှ ထုတ်ပေးမယ်ဆိုပြီး အမျိုးမျိုး ညစ်တာပေါ့နော်။ တနှစ်ပြည့်အောင် မလုပ်ဘဲနဲ့ ထွက်သွားရင် အဲဒီစပေါ်ငွေတွေ ရှုံးတာတွေ များတယ်။ ပြီးလို့ရှိရင် လဝက်လောက်ပဲ အလုပ်လုပ်ပြီးထွက်ရင် အဲဒီလဝက်စာ မရကြဘူး။ လောပန်းတွေက အလုပ်ချိန်ကိုလည်း မနက် ၆ နာရီကနေ ညနေ ၅ နာရီမှ အလုပ်သိမ်းတယ်” ဟု မမူမူက မဇ္စျိမကို ပြောသည်။
ရွှေလီမြို့ပေါ်မှာရှိသည့် မြန်မာအလုပ်သမားများအနေဖြင့် တရုတ်အစိုးရက အလုပ်လုပ်ခွင့် ခွင့်ပြုချက်ပေးထား ခြင်း မဟုတ်သည့်အတွက် အစိုးရထံ တိုင်ကြားနိုင်ခြင်း မရှိသလို အခြား အလုပ်သမားအဖွဲ့အစည်းများလည်း မရှိဟု အစီရင်ခံစာက ထောက်ပြသည်။
တရုတ်အစိုးရနှင့် ဒေသခံ ယူနန်အာဏာပိုင်များအနေဖြင့် မြန်မာအလုပ်သမားများကို လုပ်အားခနှင့် တူညီသော တန်ဘိုးကို ပေးဆောင်ရန်၊ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် ထုတ်ပြန်ပေးရန်၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ တိုင်ကြားခွင့်ရှိရန်၊ ကျန်းမာရေး စောင့်ရှောက်ခွင့် ပေးရန်နှင့် အလုပ်သမား အဖွဲ့စည်းများ ဖွဲ့စည်းခွင့်ပေးရန် တို့ကို BWU က တောင်းဆိုထားသည်။