မြန်မာနိုင်ငံတွင် HIV ပိုး ကူးစံခံထားရသူ ရှစ်သောင်းခွဲခန့်မှာ ART ဆေးဝါးများ လုံလောက်စွာ မရရှိကြကြောင်း ဗုဒ္ဓဟူးနေ့ထုတ် အစီရင်ခံစာ တရပ်က ဆိုသည်။
မြန်မာနိုင်ငံတွင် ART ဆေးဝါး အများဆုံး ထောက်ပံ့ပေးနေသည့် ပြင်သစ်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF ၏ အဆိုပါ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် HIV ပိုး ကူးစံခံထားရသူ၏ သုံးပုံနှစ်ပုံမှာ ကုသရန် ဆေးဝါး မရရှိကြသေးကြောင်း ဆိုသည်။
ကုလသမဂ္ဂ၏ ၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ ကမ္ဘာတွင် ကျန်းမာရေးHIV စောင့်ရှောက်မှုစနစ် အညံ့ဖျင်းဆုံး နိုင်ငံများထဲ တွင် ပါဝင်သော မြန်မာနိုင်ငံတွင် လူဦးရေ ၂၄၀,၀၀၀ မှာ HIV ပိုး ကူးစက်ခံထားရပြီး နှစ်စဉ် ၁၈,၀၀၀ ခန့် သေဆုံးနေကြရသည်ဟု ဆိုသည်။
ရောဂါကြီး သုံးမျိုးဖြစ်သည့် AIDS၊ တီဘီနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေးအတွက် Global Fund အဖွဲ့ကြီး၏ ထောက်ပံ့မှု များ ဖြတ်တောက်ခံရပြီးနောက် အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင် ကြောင်းလည်း MSF ၏ ‘မရေမရာ ဘဝများ’ အစီရင်ခံစာက ဆိုသည်။
အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍအတွက် ဘတ်ဂျက်ခွဲတမ်းကို တိုးမြှင့်ပေးလိုက်သော်လည်း စုစုပေါင်း အမျိုးသား ဝင်ငွေ GDP ၏ ၂ ရာခိုင်နှုန်းသာ သုံးစွဲရန် ခွင့်ပြုထားသည်။
“တိုင်းပြည်မှာ ဘာတွေပဲ ဖြစ်နေဖြစ်နေ၊ ဆေးကုသမှှု ခံယူဖို့ လိုအပ်နေသူတွေကတော့ ကုသမှှုခံယူဖို့ လိုအပ်နေမှာပဲ” ဟု MSF အဖွဲ့ခေါင်းဆောင် Peter Paul de Groote က အေပီသတင်းဌာနသို့ ပြောသည်။
အစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်း HIV နှင့် တီဘီပိုး ကူးစက်ခံရသူများ (အထူးသဖြင့် တီဘီပိုး ဆေးမတိုး သူများ) အကြောင်း ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံတကာ အရေးပေါ် ကူညီထောက်ပံ့မှုများ တောင်းဆိုထားသည်။
အစီရင်ခံစာအရ ဆေးမတိုးသည့် တီဘီရောဂါပိုး ကူးစက်ခံရသူ ၉,၀၀၀ ကျော် အနက် ၃၀၀ သာ ကုသမှု ခံယူရရှိ နေသေးကြောင်းလည်း ဖော်ပြပါရှိသည်။
MSF အနေဖြင့် မြန်မာနိုင်ငံတွင် HIV ပိုးရှိသူ ၂၃,၀၀၀ ကျော်အား ဆေးဝါးထောက်ပံ့ပေးနေပြီး ၂၀၁၂ ခုနှစ်တွင် ၆,၀၀၀ ထပ်မံ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။