ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် အဂတိ ရှောင်ရှားကာ သတ္တိရှိစွာဖြင့် ပြည်သူ့အကျိုး အရေးဆို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားလိုက်သည်။
ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း လွှတ်တော်အဆောက်အဦးတွင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံပွဲ၌ ဦးရွှေမန်းက ထည့်သွင်း ပြောဆိုသွားခြင်းဖြစ်သည်။
“သူတို့တွေ ကြောက်နေကြသေးတယ်။ ပြောလိုက်ရင် ဘာဖြစ်မလဲဆိုပြီး ကြောက်နေကြသေးတယ်။ ကိုယ် ပြောလိုက် လို့ ဒုက္ခရောက်မှာ ကြောက်တယ်ဆိုတာ အဂတိတရား လိုက်စားတာ။ ဒါကြောင့်မို့လို့ လွှတ်တော် ကိုယ်စားလှယ်များ ကိုလည်း ခင်ဗျားတို့ အဂတိရှေးရှုစေသော အပြုအမူများ မဖြစ်စေနဲ့။ နှုတ်နဲ့ပြောဖို့ သတ္တိမရှိသေးရင် စာနဲ့ပြောပေးပါ” ဟု လွှတ်တော် ကိုယ်စားလှယ်များကို ရည်ညွှန်း၍ ဦးရွှေမန်းက ပြောသည်။
၎င်းကိုယ်တိုင်လည်း လိုက်နာကျင့်ကြံသည့် အနေဖြင့် ဖေဖေါ်ဝါရီ ရ ရက်နေ့က ဝန်ထမ်း လစာတိုးရေးနှင့် ပြည်သူ့ငွေ များဖြင့် စံမံကိန်း အကောင်အထည်ဖော်မှုများကို စိစစ်လျှော့ချရန် ပြည်ထောင်စု လွှတ်တော်၌ မိန့်ခွန်းပြောဆိုခဲ့သည် ဟု ဆိုသည်။
ဖေဖေါ်ဝါရီလ ရ ရက်နေ့ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့် ဦးရွှေမန်း၏ ဝန်ထမ်းများ လစာတိုးရေး အဆို အား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ပြည်ထောင်စု လွှတ်တော် တွင် ပြန်လည် ဖြေကြား ငြင်းပယ်ခဲ့သည်။
အင်္ဂါနေ့ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားသည့် ဦးရွှေမန်း၏ သဝဏ်လွှာတွင်လည်း “ပြည်သူကို အကျိုးပြုသည့် စီမံကိန်း များကိုသာ ဆက်လက် အကောင်အထည်ဖေါ်ကာ ကုန်ကျစရိတ်များလျှော့၍ ဝန်ထမ်းများကို လစာ တိုးပေးရန်” ဦးရွှေမန်း က ထပ်မံတောင်းဆိုထားသည်။
ထို့ကြောင့် အဆိုရှင်မှ ယင်းအဆိုကို ပြန်လည် မရုပ်သိမ်းပါက ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန်သာ ရှိသည်ဟုလည်း လွှတ်တော်အမတ် ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။
ဦးရွှေမန်းကမူ ၎င်းအနေဖြင့် ဝန်ထမ်းလစာတိုးပေးရန် အဆိုကို နောက်ဆုတ်မည် မဟုတ်ကြောင်းလည်း ဗုဒ္ဓဟူးနေ့ တွေ့ဆုံပွဲတွင် ထည့်သွင်းပြောဆိုသွားသည်။
ဗုဒ္ဓဟူးနေ့ တွေ့ဆုံပွဲသို့ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် တိုင်းဒေသကြီးလွှတ်တော်မှ ကိုယ်စားလယ်များ စုစုပေါင်း ၁၅ဝ ခန့် တက်ရောက်ခဲ့ကြပြီး ပြည်တွင်းပြည်ပ မီဒီယာသမား ၃ဝ ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် ဦးရွှေမန်းက စျေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးရန် ထိရောက် လက်တွေ့ကျသော ဥပဒေ ပြဋ္ဌာန်းရန် လိုကြောင်းလည်း ထည့်သွင်းပြောဆိုသည်။
“လာရောက်ရင်းနှီးလိုသူတွေ ရှိနေတယ်လို့ သိရတယ်။ တည်ဆဲ ဥပဒေမှာ ရင်းနှီး မြှပ်နှံလိုသူတွေအတွက် ခက်ခဲနေ တယ်။ ယုံကြည်မှုတွေ လျော့နည်းနေတယ်။ မလုပ်နိုင်ဘူး ဆိုတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်တွေ့ ကျတဲ့ ဥပဒေတခု အမြန်လိုပါတယ်”ဟု သူရဦးရွှေမန်း က ပြောသည်။
နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးအတွက် ပြင်ဆင်ရမည့် ဥပဒေများကို ယခု အစိုးရ သက်တမ်း ၅ နှစ်တွင်ပင်
ပြင်ဆင်၍ ပြီးမြောက်မည် မဟုတ်ဘဲ အမြန်ပြင်ဆင်ရန် လိုကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။
ဥပမာအဖြစ် ၁၉၄၇ ခုနှစ်က ပြဋ္ဌာန်းထားသော ယာယီသွင်းကုန် ထုတ်ကုန် ဥပဒေသည် လက်ရှိ ခေတ်အခြေအနေနှင့် မကိုက်ညီဘဲ နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံလိုသူများအတွက် အခက်အခဲဖြစ်နေ၍ ၎င်းဥပဒေများကို ပြင်ဆင် ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
ထို့ပြင် သူရဦးရွှေမန်း က “ကျနော်တို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီနဲ့ စျေးကွက်စီးပွါးရေးကို မှန်မှန်ကန်ကန် ထိထိရောက် ရောက် မကျင့်သုံးဘူးဆိုရင် ကျနော်တို့နိုင်ငံ၊ ကျနော်တို့လူမျိုးများ နိုင်ငံတကာ ရင်ဘောင်တန်း လိုသော်လည်း နိမ့်ကျ တဲ့ အခြေအနေ ဆက်ပြီးတော့ ဖြစ်နေဦးမှာပဲ”ဟု ထည့်သွင်းပြောဆို သွားသည်။