ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်သည့် မြစ်ကြီးနားမြို့နယ် ဆုတောင်းပွဲသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် သွားရောက်ကြမည်ဟု သိရသည်။
မြစ်ဆုံစီမံကိန်းရှိရာ တန်ဖရဲကျေးရွာတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ ကျင်းပရန်ရှိသည့် အဆိုပါ ဆုတောင်းပွဲမှာ စီမံကိန်းကို ရပ်ဆိုင်းပေးလိုက်သည့်အတွက် အစိုးရကို ကျေးဇူးတင်ကြောင်းနှင့် နောက်တကြိမ် ရေကာတာ စီမံကိန်း များ မပြုလုပ်ရန်အတွက် ဒေသခံများက ဆုတောင်းပွဲကျင်းပရခြင်း ဖြစ်သည်ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။
“မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အပေါ်မှာ ကျေးဇူးတင်တယ်ဆိုပြီးတော့ ကချင်လူငယ်တွေ၊ ကချင်လူကြီးတွေ၊ ရပ်ဖိရပ်ဖတွေက ဖိတ်ကြားတဲ့ အတွက်ကြောင့် သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော ဒေသခံများ၊ မြစ်ကြီးနားမြို့ လူငယ်များ၊ ရပ်မိရပ်ဖများက ဘာသာပေါင်းစုံ စုပေါင်း၍ ဆုတောင်းကြမည် ဖြစ်သည်။
၈၈ မျိုးဆက်ကျောင်းသားများနှင့် စာနယ်ဇင်းသမားများက မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းရေးအတွက် လှုပ်ရှား ခဲ့ကြသဖြင့် ယင်းတို့ကို ဖိတ်ခေါ်ရခြင်းဖြစ်ပြီး မြစ်ကြီးနား မြို့ပေါ်ရှိ စစ်ပြေး ဒုက္ခသည်များကိုလည်း လာရောက်အားပေး ကူညီနိုင်မည် ဖြစ်၍ ဖိတ်ခေါ်ရခြင်း ဖြစ်သည်ဟု ဆုတောင်းပွဲ ဖြစ်မြောက်ရေး ကော်တီဝင် တဦးက မဇ္စျိမကို ပြောသည်။
“သူတို့တွေက ဒီကိုလာတဲ့အတွက် ကချင်စစ်ပြေးဒုက္ခသည်တွေကို အားပေးကူညီမှုတွေ ရှိတယ်ဆိုတဲ့ ခေါင်းစဉ်ဘဲ။ မြစ်ဆုံရေကာတာ ရပ်ဆိုင်းဖို့ သူတို့ကူညီလို့ ရပ်ဆိုင်းသွားတယ်။ ကျနော်တို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် သူတို့လည်း ပါဝင်ကူညီနိုင်မယ်လို့ မျှော်လင့်တယ်”ဟု သူက ပြောသည်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျ၊ ကိုမြအေး၊ ကိုဂျင်မီတို့ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၆ ဦးက ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် နေရာရွေ့ပြောင်း ခံခဲ့ရသော ဒေသခံများ၊ ကချင်စစ်ပြေး ဒုက္ခသည်များနှင့် ထပ်တူထပ်မျှ ခံစားရကြောင်းနှင့် တသားတည်း ရှိနေကြောင်းကို ပြသလိုခြင်းနှင့် ငြိမ်းချမ်းရေး ရရှိရေးလိုလားခြင်းကို ပြသလိုခြင်း ဖြစ်သည်ဟု ကိုမြအေးက မဇ္စျိမကို ပြောသည်။
“ကျနော်တို့သွားတာ ပွဲသတ်သတ်မဟုတ်ပါဘူး။ ကျနော်တို့က စစ်ပြေးဒုက္ခသည်တွေကို ငွေကြေးအရ ရုပ်ဝတ္ထုပစ္စည်း အရ ကျနော်တို့ ဘားမှ ပေးနိုင်စရာ မရှိဘူး။ ကျနော်တို့ ပေးနိုင်တာက စိတ်ဓါတ် ခွန်အားပါ”ဟု ကိုမြအေးက ပြော သည်။”
ထို့ပြင် တိုင်းပြည် ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား အပစ်အခတ် ရပ်ဆိုင်းရေးအတွက် ကြားဝင် စေ့စပ်ပေးရန် အဆင်သင့်ရှိနေကြောင်း ကိုမြအေးက ပြောသည်။
“စစ်ရပ်ဆိုင်းဖို့အတွက် အစိုးရကိုရော KIO ကိုရော ကျနော်တို့ ဘာလုပ်ပေးရမလဲ။ ကျနော်တို့ကို ဘယ်သူကဘဲ ခိုင်းမယ်ဆိုရင် လုပ်ဖို့ ကျနော်တို့ အသင့်ပါ။ ကျနော်တို့ အနေနဲ့ ငြိမ်းချမ်းရေး လိုချင်တယ်။ ကြားဝင်ပေးဖို့ လိုလား တယ်ဆိုရင် ကျနော်တို့ ဝင်မှာပါ”ဟု သူက ဆက်ပြောသည်။
အစိုးရနှင့် KIO တို့ အပစ်အခတ် ရပ်ဆိုင်းရေးအတွက် ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် တရုတ်နိုင်ငံအတွင်း ထပ်မံ တွေ့ဆုံ ရန်ရှိကြောင်း သတင်းများထွက်ပေါ်နေစဉ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် လွန်ခဲ့သည့် အပါတ်က တိုက်ပွဲများ ဖြစ်ပွားခဲ့ သေးကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကျောင်းသားခေါင်းဆောင်များအားလုံး ရန်ကုန်မြို့မှ မြစ်ကြီးနားမြို့သို့ လေယာဉ်ဖြင့် သွားကြမည် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကချင်ပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖေဖေါ်ဝါရီလ ၂၃-၂၄ ရက်နေ့များတွင် မြစ်ကြီးနားမြို့သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ကိုမင်းကိုနိုင် နှင့် တချို့က မန္တလေးမြို့သို့ ပြန်မည်ဖြစ်ပြီး ကိုမြအေး အပါအဝင် ရ ဦး မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့မှ စာနယ်ဇင်းသမားများကိုလည်း ဆုတောင်းပွဲ တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု သိရသည်။
စာပေအသိုင်းအဝိုင်းများ၊ ပညာရှင်များက မြစ်ဆုံရေကာတာ စီမံကိန်းအား ကန့်ကွက် လှုပ်ရှားခဲ့ကြသဖြင့် ယမန်နှစ် ၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့ စီမံကိန်း ရပ်တန့်ရန် သမ္မတ ဦးသိန်းစိန်က ညွန်ကြားခဲ့သည်။