မွန်ပြည်သစ်နှင့် အစိုးရ ဖေဖေါ်ဝါရီလမကုန်မီ အတည်ပြု လက်မှတ်ထိုးဖွယ်ရှိ

မွန်ပြည်သစ်နှင့် အစိုးရ ဖေဖေါ်ဝါရီလမကုန်မီ အတည်ပြု လက်မှတ်ထိုးဖွယ်ရှိ
by -
မဇ္ဈိမ

ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမ သဘောတူချက်ကို ဖေဖေါ်ဝါရီလ မကုန်မီ အစိုးရနှင့် ထပ်မံတွေ့ဆုံ၍ အတည်ပြု လက်မှတ်ရေးထိုးဖွယ် ရှိသည်ဟု မွန်ပြည်သစ်ပါတီဌာနချုပ်မှ လာသောသတင်း အရသိရသည်။

မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ Strand Hotel တွင် တွေ့ဆုံခဲ့ကြစဉ်။ (ဓါတ်ပုံ - မဇ္စျိမ)
အစိုးရ ကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံနိုင်ရန်အတွက် ဗဟိုဌာနချုပ် ရှိရာ ရေးချောင်းဖျားဒေသတွင် စနေနေ့မှ စ၍ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ကျင်းပ၍ ဆွေးနွေးလျက် ရှိပြီး အင်္ဂါနေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

“ဆွေးနွေးဖို့ကတော့ သေချာတယ်။ လက်မှတ်ထိုးဖို့ကလည်း ဖြစ်နိုင်ဖို့ အလားအလာ ရှိပါတယ်။ ဆွေးနွေးဖို့ အသေးစိတ် အချက်အလက်တွေ ပြင်ဆင်နေတုန်းပဲ” ဟု အစည်းအဝေး တက်ရောက်နေသည့် ဗဟိုကော်မတီဝင် တဦးက ပြောသည်။

သို့သော်လည်း မိမိတို့ဘက်မှ စေလွှတ်မည့် ကိုယ်စားလှယ်များ၊ ဆွေးနွေးရက်၊ နေရာနှင့် ဆွေးနွေးမည့် အချက်အလက်များကို ပြောဆိုရန် သူက ငြင်းဆိုသည်။

မွန်ပြည်သစ် ငြိမ်းချမ်းရေး အကျိုးဆောင်တဦး ဖြစ်သည့် နိုင်တင်အောင်ကလည်း “လမကုန်မီ ဆွေးနွေးပွဲ ဖြစ်လိမ့်မယ်၊ မွန်ပြည်သစ်ဘက်က သူတို့ တင်ပြထားတဲ့အချက်ကို ရမယ်ဆိုရင် လက်မှတ်ထိုးနိုင်လိမ့်မယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြည်နယ်အဆင့် အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးစဉ်က မွန်ပြည်သစ် ဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အခြေခံမူ ၄ ချက်အပြင်၊ အထွေထွေ တင်ပြချက် ၁၀ ချက်၊ ဆက်ဆံ ရေးရုံး ၉ နေရာ၊ လက်ရှိတပ်စွဲထားသည့် နေရာ ၁၃ နေရာ၊ ဒေသတည်ငြိမ် အေးချမ်းရေးနှင့်လုံခြုံရေး အတွက် ပါတီ၏ အခြားတပ် တည်နေရာ ၁၄ နေရာကို အစိုးရ ကိုယ်စားလှယ်များသို့ တင်ပြခဲ့သည်။

မွန်ပြည်သစ်ပါတီမှ ဒု-ဥက္ကဋ္ဌ နိုင်ရော့စ ခေါင်းဆောင်သော ၁၂ ဦးပါ အဖွဲ့နှင့် ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ မော်လမြိုင်ရှိ Starnd ဟိုတယ်တွင် ငြိမ်းချမ်းရေးအတွက် ပဏာမ သဘောတူစဉ်က အပစ်အခတ် ရပ်စဲရေး အပါအဝင် အစိုးရဘက်မှ ကမ်းလှမ်းသည့် အချက် ၅ ချက်ကို မွန်ပြည်သစ်ဘက်မှ လက်မှတ်ရေးထိုးခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၄ ခုနှစ်မှစပြီး ယခင် နဝတအစိုးရနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် လေးကြိမ်တိုင်ဆွေးနွေးခဲ့ပြီးနောက် ၁၉၉၅ နှစ်လယ်ခန့်တွင် ပထမအကြိမ် အပစ်အခတ် ရပ်စဲခဲ့သည်။

သို့သော်လည်း မျှော်မှန်းထားသည့်အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်မလာခြင်းနှင့် နယ်ခြားစောင့်တပ်နှင့်ပြည်သူ့စစ် အသွင်ပြောင်းရန် ဗဟိုအစိုးရက ဖိအားပေးရာမှ ၂ဝ၁ဝ ခုနှစ် နှောင်းပိုင်းတွင် အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့သည်။

မွန်ပြည်သစ် ဥက္ကဋ္ဌ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အချို့ကမူ ယခင် အပစ်အခတ် ရပ်စဲစဉ်ကာလက ကြုံတွေ့ခဲ့သည်များကို ထောက်ပြပြီး နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်လာရန် ခက်ခဲကြောင်းကို ယခင်လက ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့သည်။

၁၉၉၄ ခု အပစ်ရပ်ရေး ဆွေးနွေးရာတွင် အဓိက ပါဝင်သည့် မွန်ပြည်သစ် ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်တင်အောင် ကမူ ယခု အပစ်အခတ် ရပ်စဲရေးသည် စာချုပ်စာတန်းနှင့်တကွ နိုင်ငံရေး ဆွေးနွေးရန် အတွက် လမ်းဖွင့်ထားသည့်အတွက် ယခင် အပစ်အခတ် ရပ်စဲရေးထက် ထူးခြားကြောင်း၊ သို့သော်လည်း အလုပ်ဖြင့် သက်သေပြရန် လိုကြောင်း ပြောသည်။

Most read this week