အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများ၏ ရလဒ်မှာ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်မလာမည်ကို စိုးရိမ်မိကြောင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထုတ်ပြန်လိုက်သည်။
အမျီုးသမီးအဖွဲ့ ၁၃ ဖွဲ့ဖြင့် ပေါင်းစည်းထားသည့် WLB ၏ အင်္ဂါနေ့ ထုတ်ပြန်ချက်ထဲတွင် “အပေါ်ယံ အပစ် အခတ် ရပ်စဲရေး လမ်းကြောင်းကိုသာ ဦးတည်သွားမည်ကို မိမိတို့အနေဖြင့် အထူးစိုးရိမ်ပူပန်မိသည်” ဟု ဖေါ်ပြပါရှိသည်။
တိုင်းရင်းသားအားလုံး စုစည်းပါဝင်နိုင်မည့် တွေ့ဆုံဆွေးနွေးမှုမျိုးမဟုတ်ဘဲ တဖွဲ့ချင်းစီ ခွဲထုတ် ဆွေးနွေးနေမှုကို ထောက်ပြကာ “အဲလိုတွေလုပ်နေတဲ့ တပြိုင်တည်းမှာပဲ စစ်ပွဲတွေ ဖြစ်နေတာတွေကိုလည်း တွေ့မြင်နေရတော့ စစ်မှန်တဲ့ အပစ်ခတ်ရပ်စဲရေးတွေ မဖြစ်မှာကို စိုးရိမ်မိတယ်” ဟု WLB မှ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို က မဇ္ဈိမကို ပြောသည်။
အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များက ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ရှမ်းပြည် တပ်မတော် SSA တောင်/မြောက် အဖွဲ့များ အပါအဝင် စုစုပေါင်း ၁၁ ဖွဲ့တို့ဖြင့် အပစ်ခတ် ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးမှုများကို သီးခြားစီခွဲ၍ ပြုလုပ်ထားသည်။
၁၉၉၄ ကာလမှ စတင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ တို့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ကြ သော်လည်း အပစ်ရပ်စဲမှု ပျက်ပျယ်ခဲ့ကြပြီး တိုက်ပွဲများဆက်လက် ဖြစ်ပွားနေခြင်းကိုလည်း WLB ၏ ထုတ်ပြန်ချက်၌ ထောက်ပြ ထားသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရတို့အကြား ဇန်နဝါရီ ၁၈၊ ၁၉ ရက်များက တွေ့ဆုံ ဆွေးနွေးခဲ့ ပြီးနောက် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ထိ နှစ်ဖက် တိုက်ပွဲပေါင်း ၃၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ပြောသည်။
“တိုက်ပွဲတွေကတော့ တောက်လျှောက် ဖြစ်နေတုန်းပါပဲ။ ဆွေးနွေးမှု လုပ်နေတယ် ဆိုတာကတော့ နိုင်ငံရေး အရ အဖြေရှာမှုလုပ်နေတာ ဖြစ်တဲ့အတွက် အဲဒါ အောင်မြင်သွားရင်တော့ တိုက်ပွဲတွေ ရပ်ဆိုင်းသွားမှာပါ။ နိုင်ငံရေးအရ အဖြေမရှာနိုင်ခင်မှာတော့ တိုက်ပွဲတွေက ခုလိုပဲ ရှိနေဦးမှာပါပဲ” ဟု ဗိုလ်မှူးချုပ် ဂွမ်မော် က မဇ္စျိ်မကို ပြောသည်။
အလားတူ အစိုးရနှင့် ပဏာမ အပစ်ခတ်ရပ်စဲထားသော KNU နှင့် အစိုးရ တပ်မတော်တို့အကြား ဖေဖေါ်ဝါရီ လဆန်းပိုင်းက တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သေးကြောင်း KNU ထံမှ သိရသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ၏ဆိုးကျိုးကို အမျိုးသမီးများနှင့် ကလေးများက အများဆုံးကြံုတွေ့ ခံစားရပြီး လတ်တလောဖြစ်ပွားနေသည့် KIO နှင့် အစိုးရအကြား ဖြစ်ပွားခဲ့သည့် ၈ လကျော်အကြာ တိုက်ပွဲများ အတွင်း ထွက်ပြေးခိုလှုံ နေကြရသည့် စစ်ပြေး ဒုက္ခသည် ၆ သောင်းကျော်အနက် အများစုမှာ အမျိုးသမီးနှင့် ကလေးများ ဖြစ်ကြသည်။
အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးမှုပြုလုပ်သည့်အခါတွင် အမျိုးသမီးများ၏ ဆန္ဒသဘောထားများ ပါဝင်ရန် လိုအပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်မှုကို အားပေးရန်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ WLB က တိုက်တွန်းထားသည်။
“တိုက်ပွဲတွေကို ဖေါ်ဆောင်သူတွေဟာ အမျိုးသမီးနဲ့ ကလေးတွေမဟုတ်ကြပေမယ့် တကယ် ခါးစည်းခံရတဲ့ အများစု က သူတို့ပဲ။ ဒါကြောင့် နိုင်ငံတော်တည်ဆောက်ရေး၊ ပဋိပက္ခဖြေရှင်းရေး စတဲ့နေရာတွေမှာ အမျိုးသမီးတွေရဲ့ အသံတွေ၊ စဉ်းစားတွေးခေါ်ချက်တွေကို အရေးတယူ ထည့်သွင်းစဉ်းစားဖို့လိုတယ်။ အဲသလို စဉ်းစားပေးမှသာ တကယ် ဘက်ပေါင်းစုံ ပြီးပြည့်စုံတဲ့ စဉ်းစားချက်တွေနဲ့ အတူ ကျမတို့မြန်မာနိုင်ငံကို အပြောင်းလဲတခု၊ ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီအရ အနှစ်သာရရှိတဲ့ နိုင်ငံတော်တခုကို တည်ဆောက်နိုင်မှာဖြစ်တယ်” ဟု မတင်တင်ညို က ပြောသည်။
ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသား များ လက်မှတ်ရေးထိုး လှုပ်ရှားမှုတရပ်ကိုလည်း ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှ စတင် ပြုလုပ်မည်ဟု ဆိုသည်။
အဆိုပါ မေတ္တာရပ်ခံစာအား ဦးသိန်းစိန် အစိုးရ၊ မြန်မာ့တပ်မတော်၊ ဒီမိုကရေစီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးသို့ ပေးပို့မည်ဟုလည်း ထုတ်ပြန်ကြေညာချက်က ဆိုသည်။
ဘင်္ဂလားဒေ့ချ်၊ အိန္ဒိယနှင့် ထိုင်းနယ်စပ် အခြေစိုက် မြန််မာနိုင်ငံမှ အမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့က ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက် နေ့တွင် WLB ကို စတင်တည်ထောင်ခဲ့ကြပြီး ၂ဝ၁၁ ခုနှစ်တွင် ကယန်းအမျိုးသမီးများ အစည်းအရုံး က ပါဝင်လာ ခဲ့သည်။