၁၅ နှစ်တာ အခမ်းအနားဖြင့် ကျင်းပခွင့် တားမြစ်ခံရသည့် ရန်ကုန် မွန်အမျိုးသားနေ့ကို ပြန်လည် ကျင်းပခွင့် ရပြီဖြစ်ကြောင်း မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ရန်ကုန်) က ပြောသည်။
၁၉၄၈ ခုနှစ်မှ စတင်ကျင်းပလာခဲ့ကြသည့် မွန်အမျိုးသားနေ့ အခမ်းအနား ရွှေရတုသဘင်ကို ၁၉၉၇ ခုနှစ်က ပဒုမ္မာ ကဇာတ်ရုံတွင် နောက်ဆုံးအကြိမ် ကျင်းပခွင့်ရပြီးနောက် ပိတ်ပင်ခံထားရရာမှ ယခုနှစ် ၆၅ ကြိမ်မြောက် အခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးက ပြန်လည် ကျင်းပခွင့်ပေးခြင်း ဖြစ်သည်။
အစိုးရသစ်အနေနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အလေးထားသည့်အတွက် ယခုကဲ့သို့ ကျင်းပခွင့်ပေးခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်း ကျင်းပရေး ကော်မတီ (ရန်ကုန်) အတွင်းရေးမှူး နိုင်စိုးကြည်က ပြောသည်။
“အရမ်းဝမ်းသာပါတယ်။ မွန်တိုင်းရင်းသား အားလုံးကလည်း အရမ်းကို ပီတိဖြစ်ပါတယ်။ အစိုးရသစ်ကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ သိမ်ဖြူကွင်း မွန်အမျိုးသားနေ့ သမိုင်းကြောင်းကို သတိရတယ်ပေါ့ဗျာ” ဟု သူက ပြောသည်။
၁၉၈၈ ခုနှစ်ထိ ရန်ကုန် မွန်အမျိုးသားနေ့ အခမ်းအနားကို သိမ်ဖြူကွင်းတွင် နှစ်စဉ် ကျင်းပလာခဲ့ပြီး နောက်ပိုင်းတွင် ပဒုမ္မာကဇာတ်ရုံသို့ ပြောင်းရွှေ့ကျင်းပခဲ့သည်။ သိမ်ဖြူကွင်းတွင် ကျင်းပလာခဲ့စဉ်က မွန်ရိုးရာ လက်ဝှေ့ပွဲ အပါအဝင် ရိုးရာပျော်ပွဲရွှင်ပွဲများဖြင့် ထူးခြား စည်ကားခဲ့သည်။
နအဖ စစ်ကောင်စီလက်ထက် ၁၉၉၈ မှစ၍ မွန်အမျိုးသားနေ့ကို မွန်ပြည်နယ်အတွင်းမှာသာ ကျင်းပရမည်ဟု ကန့်သတ်ထားခဲ့သည်။ ထိုကာလတလျှောက်တွင် အထိမ်းအမှတ်အနေဖြင့် သံဃာတော်များအား ဆွမ်းဆပ်ကပ်ခြင်း ဖြင့်သာ ကျင်းပလာခဲ့ရသည်။
ယခုနှစ် ရန်ကုန် အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီမှ ၁၀နာရီထိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်တွင်လည်းကောင်း၊ နံနက်ပိုင်းတွင် ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း အပါအဝင် တိုင်းရင်းသား ကျေးရွာတွင် သင်္ကြန် ထမင်းဖြင့် ဧည့်ခံကျွေးမွေးပြီး ဖျော်ဖြေပွဲ အစီအစဉ်များကိုလည်းကောင်း အသီးသီး ကျင်းပမည် ဖြစ်ကြောင်း နိုင်စိုးကြည်က ပြောသည်။
မွန်အမျိုးသားနေ့ကို မိမိဒေသအလိုက် ကျင်းပလာခဲ့ရာမှာ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှ စပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်များ စုပေါင်းကာ ကျင်းပရေး ဗဟိုကို ဖွဲ့စည်းခဲ့သည်။
ဗဟိုအဆင့်ကို ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို နှစ်စဉ် နေရာဒေသ ပြောင်းရွှေ့ကာ ကျင်းပလာခဲ့သည်။ ၂ဝ၁၁ ခုနှစ်က ဗဟိုအခမ်းအနားကို မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင်လည်းကောင်း၊ ၂ဝ၁ဝ ခုနှစ်က ချောင်းဆုံတွင် လည်းကောင်း၊ ၂ဝဝ၉ ခုနှစ်က မုဒုံတွင်လည်းကောင်း ရွှေ့ပြောင်း ကျင်းပခဲ့သည်။
၆၅ ကြိမ်မြောက် ဗဟိုအခမ်းအနားကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာတွင် ကရင်ပြည်နယ် အစိုးရ ခွင့်ပြုမိန့်ဖြင့် ကျင်းပမည် ဖြစ်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်လည်း တက်ရောက်မည် ဖြစ်သည်။
အလားတူ မွန်ပြည်နယ် မြို့တော် ဖြစ်သည့် မော်လမြိုင်မြို့ အခမ်းအနားကို ပြည်နယ်ခန်းမတွင် ကျင်းပမည် ဖြစ်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်မည်ဖြစ်ကြောင်း မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ (ဗဟိုနှင့် မော်လမြိုင်) မှ ဖျော်ဖြေရေး တာဝန်ခံ မိမိုးမိုးက ပြောသည်။
ယခုနှစ် မွန်အမျိုးသားနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာကို ပတ်ဝန်းကျင်ရှိ ကျောက်မိုင်းကြောင့် ကွာကျပျက်စီးခံနေရ သည့် အေဒီ ၈ ရာစု မွန်လက်ရာဖြစ်သည့် ကရင်ပြည်နယ် ဘားအံမြို့အနီး ကော့ဂွန်းဂူကြီးရှိ ကျောက်နံရံမှ အုတ်ခွက် ဘုရား ဆင်းတုတော်ပုံများနှင့် မွန်ကျောက်စာများဖြင့် သရုပ်ဖော်ထားသည်။
သမလ၊ ဝိမလ မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ ကျင်းပခဲ့သည်။