အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်ပေးလိုက်သည့် ဆုံးဖြတ်ချက်ကြောင့် အစိုးရ၏ တရားစီရင်ရေး မဏ္ဍိုင်ကို ကြိုဆိုဂုဏ်ပြုကြောင်း ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောကြားလိုက်သည်။
ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းသို့ တရားမဝင် ပစ္စည်းသွင်းယူရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆိုခံခဲ့ရသူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင်အမှုကို ဗုဒ္ဓဟူးနေ့က အင်းစိန်တရားရုံးမှ စီရင်ချက်ချရာတွင် ၎င်းကို ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
“အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက စွဲတဲ့အမှုမျိုး လွတ်တယ်ဆိုတာ ကျနော် မကြားဖူးပါဘူး။ အခုတော ့တရားသူကြီး က ရဲရဲဝ့ံဝံ့ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပြီးတော့ လွှတ်လိုက်ပြီဆိုတာ ကြားရတဲ့အခါမှာ တနိုင်ငံလုံးရဲ့ အနာဂတ်ရော၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးအတွက်ရော လေးစားဂုဏ်ယူစွာနဲ့ အသိအမှတ် ပြုလိုက်ပါတယ်” ဟု ဦးနေမျိုးဇင်က မဇ္စျိမကို ပြောသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော်လည်း ယခင် အကျဉ်းသား ဘဝ ဆေးကုသမှုခံယူရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓါတ်ပုံများကို အင်းစိန် အကျဉ်းဦးစီးဋ္ဌာန အတွင်းသို့ တရားမဝင် သွင်းယူမှု ပုဒ်မ-(၄၂) ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရာမှ ယခုကဲ့သို့ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
“ရဲဘက်က ထွက်ဆိုထားတဲ့ အကြောင်းတွေက အကျဉ်းသား ဥပဒေနဲ့ အကျုံးမဝင်တာကြောင့် တရားမဝင် ပစ္စည်း သွင်းတယ်ဆိုတာ သက်သေမပြနိုင်ဘူး” ဟု ၎င်းက မဇ္စျိမကို ပြောသည်။
အပြစ်မရှိကြောင်း တရားသူကြီးက အမိန့်ချသည့်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံပါ အကျႌများ ဝတ်ဆင်ထားသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ် ၂၀ ခန့်က လက်ခုပ်တီး ချီးကျူးဂုဏ်ပြုခဲ့သည်ဟု သိရသည်။
တရားရုံးမှ ဆုံးဖြတ်ချက် ချပြီးနောက်တွင် ဦးနေမျိုးဇင်က NLD ပါတီဝင်အဖြစ် လျှောက်ထားလိုက်ပြီ ဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။
NLD က မည်သည့်တာဝန် ပေးအပ်မည်ကို မသိရသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်နှင့် ဒေါက်တာမျိုးနောင် ဝင်ပြိုင်မည့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် ပါတီဝင်တဦး အနေဖြင့် စည်းရုံးရေး လုပ်ငန်း လုပ်ဆောင်ပေးလိုသည်ဟု ဆိုသည်။
ဦးနေမျိုးဇင်က ပရဟိတလုပ်ငန်းများအပြင် ငြိမ်းချမ်းရေးအတွက် တပ်မတော်သားများ အပါအဝင် ကျောင်းသား၊ ပြည်သူနှင့် ရဟန်းသံဃာများ အားလုံး ညီညွတ်ရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းကို ရွှေညဝါ ဆရာတော်ထံသို့ လျှောက်ထားခဲ့ကြောင်း သိရသည်။
NLD လူငယ်များနှင့် သာမန်အရပ်သားများ စုဖွဲ့ထားသည့် ရန်ကုန်တိုင်း တောင်ဒဂုံမြို့ရှိ သွေးအကူအညီပေးရေး အဖွဲ့တွင် ရန်ကုန်တိုင်း တာဝန်ခံတဦးဖြစ်ပြီး အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း သွေးလှူရေးအဖွဲ့ ကွန်ယက်များ ဖွဲ့စည်းသွားမည်ဟု ဦးနေမျိုးဇင် က မဇ္စျိမကို ပြောသည်။
အသက် ၃၆ နှစ်ဝန်းကျင် အရွယ် ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် တပ်မတော်တွင် ၁၀ နှစ်နီးပါး တာဝန် ထမ်းဆောင် ကာ ၂၀၀၅ ခုနှစ်တွင် တပ်မှ ထွက်ကာ NLD လူငယ်များနှင့် ပူးပေါင်းခဲ့သူ တဦး ဖြစ်ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လ အတွင်းက အီလက်ထရောနစ် ပုဒ်မ(၃၃)ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။