၅,၀၀၀ တန် SIM Card မကြာမီ ရတော့မည်ဟုဆိုပြန်

၅,၀၀၀ တန် SIM Card မကြာမီ ရတော့မည်ဟုဆိုပြန်
by -
မဇ္စျိမ

SIM Card တခုကို ကျပ် ၅,၀၀၀ ဖြင့် အများပြည်သူသို့ ရောင်းချပေးရန် မဖြစ်နိုင်သေးဟု မြန်မာ့ဆက်သွယ် ရေးမှ သတင်းထုတ်ပြန်အပြီး တရက်အကြာတွင် များမကြာမီ အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်သွား မည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ ထုတ်ပြန်ကြေညာလိုက်သည်။

မြန်မာ့ဆက်သွယ်ရေးမှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် "ဆက်သွယ်မှု ကွန်ယက်ကို စနစ်တကျ တည်ဆောက်ရန် အချိန်များစွာ လိုအပ်ခြင်းနှင့် တည်ဆဲဥပဒေတို့အရ ကိုက်ညီမှု မရှိခြင်းတို့ကြောင့် ကျပ် ၅၀၀၀ တန် ဖုန်းကိစ္စမှာ လောလောဆယ်တွင် ဖြစ်နိုင်ခြေ မရှိသေး" ဟု ထုတ်ပြန်ခဲ့သည်။

သို့သော် ရွှေပြည်တံခွန်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ယင်းကုမ္ပဏီ၏ မူလ ကတိပေးထားသည့်အတိုင်း မကြာမီ အချိန်အတွင်း ရောင်းချပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။

"တည်ဆဲဥပဒေထဲက မည်သည့် ဥပဒေမဆို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် သွေဖည်နေခြင်း၊ ဆန့်ကျင်နေခြင်း၊ ညီညွတ်ခြင်းမရှိပါက ယင်းဥပဒေများ အားလုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင်အသက်ဝင်သည့်နေ့ ၂ဝ၁၁ ခုနှစ် မတ်လ ၃ဝ ရက်နေ့မှ စတင်၍ အလိုအလျောက် ပျက်ပြယ်သွားပြီ ဖြစ်ပါသည်" ဟု ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၄၄၆ နှင့် ၄၄၇ တို့ကို ကိုးကား၍ ရွှေပြည်တံခွန် ကြေညာချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ တည်ဆဲဥပဒေတခုခုသည် အခြေခံဥပဒေနှင့် ဆန့်ကျင်နေခြင်း၊ ညီညွတ်ခြင်း ရှိ၊ မရှိ တို့ကို သံသယရှိပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးသို့ တင်ပြ အဆုံးအဖြတ် ယူသင့်ကြောင်း အမျိုးသား လွှတ်တော် အမတ်လည်းဖြစ် ရှေ့နေတဦးလည်းဖြစ်သူ ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီမညီကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးမှာ အဆုံးအဖြတ် ခံယူရမှာဖြစ်တယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သူ့ဟာသူ ပြောလို့တော့ မရဘူးလေ။ အခြေခံဥပဒေ ခုံရုံးက ဒါဟုတ်တယ် အခြေခံ ဥပဒေနဲ့ ဆန့်ကျင်နေတယ်ဆိုရင်တော့ အဲဒီဥပဒေက အတည်မဖြစ်ကြောင်း အခြေခံဥပဒေက ကြေညာရမှာ။ အခြေခံ ဥပဒေ ခုံရုံးကသာ အဆုံးအဖြတ်ပေးနိုင်မှာ" ဟု ဦးသိန်းညွန့်က ပြောသည်။

ဆက်သွယ်ရေး လုပ်ငန်းများတွင် အပါအဝင်ဖြစ်သည့် "စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက်စ်၊ အီးမေးလ်၊ အင်တာနက်" စသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြုခွင့်ရှိကြောင်းလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၉၆ တွင် ဖေါ်ပြထားသည်။

မြန်မာ့ဆက်သွယ်ရေး၏ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်တွင် မိုဘိုင်းဖုန်း တလုံး ပြောဆိုဆက်သွယ်နိုင်ရန် မြေနေရာသစ် ရှာဖွေသတ်မှတ်၍ ရေဒီယိုစခန်းများ တည်ဆောက်ခြင်း၊ စက်ပစ္စည်းများ လုံလောက်စွာ တပ်ဆင်ရခြင်း၊ မြို့တွင်း ဆက်သွယ်မှုနှင့် တမြို့နှင့်တမြို့ ဆက်သွယ်ရေး ဆက်ကြောင်းများ အချိန်ယူ တည်ဆောက်ရခြင်း အပြင် ဖုန်းပြောဆိုခများအတွက် Online မှ ပေးချေနိုင်ရန် နည်းပညာများလည်း လိုအပ်နေသေးသည်ဟု ဖေါ်ပြထားသည်။

သို့သော် ရွှေပြည်တံခွန်ကုမ္ပဏီဥက္ကဋ္ဌ ဦးလွင်နိုင်ဦးက နည်းပညာအခက်များနှင့် ပတ်သက်၍ မိမိတို့ အချိန်တိုအတွင်း ဖြေရှင်းပေးနိုင်ပြီး ၆ လအတွင်း ဆောင်ရွက်နိုင်သည်ဟု တနင်္လာနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားကြောင်း မြန်မာတိုင်းမ် ဂျာနယ် အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

ရွှေပြည်တံခွန်မှ ဇန်နဝါရီ လဆန်းပိုင်းအတွင်း ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်လည်း ဦးလွင်နိုင်ဦးက ၅၀၀၀ တန် Sim Card များကို လာမည့် မတ်လအတွင်း ရောင်းချပေးရန်ရှိပြီး Sim Card တသန်းကို ပထမ ၆ လအတွင်း ရောင်းချသွားမည်ဖြစ်ကာ လာမည့် ငါးနှစ်အတွင်း ကဒ်ပေါင်း သန်း ၃ဝ ထုတ်လုပ် ရောင်းချသွားမည်ဟု ပြောဆိုထား သည်။

မြန်မာနိုင်ငံသည် ၂ဝ၁ဝ ခုနှစ်အတွင်း လက်ကိုင်ဖုန်းသုံးစွဲနိုင်မှုသည် လူ ၁ဝဝ တွင် ၁ ယောက်သာရှိသည်ဟု World Bank ၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။ အဆိုပါ လက်ကိုင်ဖုန်း ပိုင်ဆိုင်မှု အရေအတွက်သည် အရှေ့တောင်အာရှ နိုင်ငံများတွင် ဖုန်းသုံးစွဲနိုင်မှု အနည်းဆုံးနိုင်ငံဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံသည် လူ ၁ဝဝ တွင် ဖုန်း ၁ဝ၁ လုံးသုံးစွဲနိုင်ပြီး၊ မလေးရှားနိုင်ငံသည် လူ ၁ဝဝ တွင် ၁၂၁ လုံး၊ အင်ဒိုနီးရှားနိုင်ငံသည် လူ ၁ဝဝ တွင် ၉၂ လုံး၊ ကမ္ဘောဒီးယားနိုင်ငံသည် လူ ၁ဝဝ တွင် ၅၈ လုံး၊ လာအိုနိုင်ငံသည် လူ ၁ဝဝ တွင် ၆၅ လုံး အသီးသီး သုံးစွဲနိုင်ကြသည်။ အရှေ့တောင်အာရှ နိုင်ငံများတွင် စင်္ကာပူနိုင်ငံ လက်ကိုင်ဖုန်း သုံးစွဲနိုင်မှု အများဆုံးဖြစ်ပြီး လူ ၁ဝဝ တွင် ဖုန်း အလုံးရေ ၁၄၄ လုံး သုံးစွဲနိုင်သည်ကြောင်း သိရသည်။