အစိုးရနှင့် ဆွေးနွေးရန် မွန်ပြည်သစ် ကိုယ်စားလှယ် ရွေးပြီး

အစိုးရနှင့် ဆွေးနွေးရန် မွန်ပြည်သစ် ကိုယ်စားလှယ် ရွေးပြီး
by -
မဇ္စျိမ

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့၌ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် မွန်ပြည်သစ်ပါတီက ဒု-ဥက္ကဋ္ဌ နိုင်ရော့စ ဦးဆောင်သည့် ကိုယ်စားလှယ် ရ ဦးပါ အဖွဲ့ကို ရွေးချယ်လိုက်သည်။

ပါတီဗဟိုဌာနချုပ်ရှိရာ ရေးချောင်းဖျားဒေသတွင် ဗဟိုအလုပ်မှုဆောင် ကော်မတီများ ညှိနှိုင်းဆွေးနွေးခဲ့ပြီး အင်္ဂါနေ့တွင် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ကိုယ်စားလှယ်များမှာ ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စ၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်သည့် နိုင်တလညီနှင့် နိုင်လရီဂကောင်း၊ ဗဟိုကော်မတီဝင်များ ဖြစ်သည့် မော်လမြိုင်ခရိုင် ဥက္ကဋ္ဌ နိုင်အေးမွန်၊ ထားဝယ်ခရိုင် ဥက္ကဋ္ဌ နိုင်ဗညားလယ်၊ သထုံခရိုင် အတွင်းရေးမှူး နိုင်ဧကနှင့် ဗဟိုစစ်ကော်မတီ ဒု-ဗိုလ်မှူးကြီး နိုင်ဗညားချမ်းနွန်တို့ ဖြစ်ကြောင်း ဗဟိုကော်မတီဝင် နိုင်ဟံသာပိန်ခိုင်းက ပြောသည်။

“ကျနော်တို့ဘက်က အရင်က ရပ်တည်ချက်အတိုင်းပဲ။ တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ် ရပ်စဲရေး ကိုပဲ တင်ပြဖို့ ရှိပါတယ်။ အပစ်အခတ် ရပ်စဲတာက အဓိက မဟုတ်ပါဘူး။ နိုင်ငံရေး ဆွေးနွေးဖို့ပဲ အဓိကပါ” ဟု မဇ္ဇျိမကို ပြောသည်။

ပါတီဥက္ကဋ္ဌ နိုင်ထောမွန်ကလည်း မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ရန် မခက်ခဲသော်လည်း နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန် ခက်ခဲသည်ဟု ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲ အပိတ်မိန့်ခွန်း တွင် ဇန်နဝါရီ ၂ဝ ရက်နေ့က ပြောကြားခဲ့သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်များ ဖြစ်ကြသည့် ချင်းအမျိုးသားတပ်ဦးနှင့် ကရင်အမျိုးသား အစည်းအရုံးတို့ အပစ်အခတ် ရပ်စဲလိုက်သည့်အတွက် တပ်ပေါင်းစုဖြင့် နိုင်ငံရေး ဆွေးနွေးရန် မလွယ်ကူတော့ကြောင်း UNFC နှင့် မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

“UNFC ရဲ့ ဘဝပေး အခြေအနေက စက္ကူရုပ်ကျားလို ဖြစ်သွားပြီဆိုတော့ တိုင်းရင်းသား အားလုံးရဲ့ အကျိုးစီးပွား အတွက် အကောင်အထည်ဖော်ဖို့ဆိုတာ မလွယ်တော့ဘူး” ဟု နိုင်ဟံသာက မွန်အမျိုးသားရေးရာ နှီးနှော ဖလှယ်ပွဲ တွင် ပြောကြားခဲ့သည်။

အစိုးရမှ စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်းခုခံကာကွယ်နိုင်ရန် UNFC ကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၁၂ ဖွဲ့မှ အခြေခံ ခြောက်ဖွဲ့နှင့် မဟာမိတ်ခြောက်ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ်များနှင့် မဆွေးနွေးမီ ရက်ပိုင်းတွင် မွန်ပြည်သစ် ကိုယ်စားလှယ် များက ပြည်တွင်းရှိ မွန်နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်း အသီးသီးထံမှ အကြံဉာဏ်များကို ရယူသွားဦးမည်ဟုလည်း နိုင်ဟံသာပိန်ခိုင်းက ပြောသည်။