ကြာသပတေးနေ့တွင် စတင်ကျင်းပရန်ရှိသည့် တတိယအကြိမ် လွှတ်တော် အစည်းအဝေး များတွင် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းကို အဓိကထား ဆွေးနွေးရန်ရှိပြီး စီမံကိန်းများ ကို စီစစ်ခြင်းဖြင့် အစိုးရအတွင်း လိုငွေပြမှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသွားမည်ဟု လွှတ်တော်အမတ်များက မဇ္ဈိမကို ပြောသည်။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာန အသီးသီးမှ လွှတ်တော်သို့ တင်ပြလာရန်ရှိသည့် စီမံကိန်းအချို့ကို လုပ်ဆောင်ရန်သင့်/မသင့် လွှတ်တော်တွင်း ဆွေးနွေးခြင်းဖြင့် ကြိုးစားထိန်းချုပ်သွား မည်လည်း ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။
"ဘတ်ဂျက်လိုငွေ သိပ်မပြဖို့အတွက် မလိုအပ်တဲ့ စီမံကိန်းတွေကို ကျနော်တို့ ဖျက်နိုင်ရမယ်လေ။ နိုင်ငံတော်ရဲ့ ဒီအချိန် ဒီကာလမှာ ဒီစီမံကိန်းဟာ လိုအပ်သလား၊ စီမံကိန်းတော့ လုပ်ပါရဲ့၊ ပိုက်ဆံကလည်း အများကြီး ကုန်တယ်၊ ချေးငွေတွေနဲ့လုပ်တယ်၊ သူ့ဆီက ပြန်လာတဲ့ အကျိုးပြုမှု နည်းရင်လည်း ဒီလိုမျိုးစီမံကိန်းကို မလုပ်သင့်ဘူး။ ကျနော်တို့က ဆင်းရဲတဲ့နိုင်ငံကိုးဗျ" ဟု ပြောသည်။
၂ဝ၁၁၊ ၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အစိုးရဟောင်း နအဖ မှ ပြဋ္ဌာန်းပေးခဲ့ပြီး အဆိုပါ ဘဏ္ဍာရေး နှစ်အတွက် လိုငွေပြမှု ကျပ် ဘီလီယံပေါင်း ၂,၃ဝဝ ကျော်ရှိနေသည်။ ဗဟိုအစိုးရအတွက် ကျပ် ၂၂ဝ၁.၄၅ဝ ဘီလီယံဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအတွက် ကျပ် ၁၇ဝ.၄၉၅ ဘီလီယံ ဖြစ်သည်။
ဇန်နဝါရီ ၁၇ ရက်နေ့က နေပြည်တော်တွက် ကျင်းပသည့် ၂ဝ၁၂၊ ၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်း အကြိုဆွေးနွေးပွဲသို့ ပြည်သူ့ငွေစာရင်း ကော်မတီဝင်များနှင့် ဘဏ္ဍာရေး၊ အမျိုးသားစီမံကိန်း၊ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ မီးရထား၊ ကာကွယ်ရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဝန်ကြီးများ တက်ရောက်ခဲ့ကြ သည်။
အဆိုပါဆွေးနွေးပွဲတွင် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် လိုငွေပြမှု ကျပ်ဘီလီယံ ၅ဝ ခန့်လျှော့ချ နိုင်ခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ပြောဆိုခဲ့သော်လည်း မည်သည့် ကဏ္ဍများတွင်လျှော့ချ ခဲ့သည်ကို ထည့်သွင်း ပြောကြားခြင်း မရှိဟု အစည်းအဝေး တက်ရောက်ခဲ့သူ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဒေါ်တင်နွယ်ဦးက မဇ္ဈိမကို ပြောသည်။
"အစည်းအဝေးသာလုပ်တယ်။ ကျမတို့ကို ဘတ်ဂျက်ကို မပြဘူး။ အဲဒီလောက် လျော့သွားပါတယ် ဆိုပြီးတော့ပဲ ဘဏ္ဍာရေးဝန်ကြီးက ပြောသွားတယ်။ အသေးစိတ်တော့ ကျမတို့ကို မပေးထားဘူး။ Projector မှာတော့ ပြတယ်" ဟု ဒေါ်တင်နွယ်ဦးက ပြောသည်။
အစည်းအဝေး တက်ရောက်သူ အခြားတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်ပါတီမှ လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်ကလည်း ဝန်ကြီးများ ရှင်းပြသွားသည့် ကိန်းဂဏန်းများအရ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်တွင်လည်း လိုငွေပြနေဦးမည်ဟု ခန့်မှန်းသည်။
"သူတို့ပြတဲ့ ကိန်းဂဏန်းတွေကို Power Point မှာတော့ တွေ့လိုက်ရတာပေါ့။ ကျနော် အကြမ်းဖျမ်း သိလိုက်ရတာ တော့ ဘတ်ဂျက်ကတော့ လိုငွေပြနေဦးမှာပဲ။ ဒါကိုတော့ လွှတ်တော်က အတည်ပြုနိုင်/ မပြုနိုင်ဆိုတာ ဆွေးနွေး ရဦးမှာပါ" ဟု ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။
အစိုးရဟောင်း ပြဋ္ဌာန်းပေးထားသည့် ရသုံးမှန်းခြေငွေစာရင်းသည် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်ပြီး၊ ဦးသိန်းစိန် အစိုးရသစ်၏ ရသုံးမှန်းခြေငွေစာရင်းသည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီ ချက်ဖြင့် ဧပြီလ ၁ ရက်နေ့တွင် စတင်မည် ဖြစ်သည်။
ထွက်ပေါ်လာမည့် အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်းကို နိုင်ငံတော်ပြန်တမ်းအဖြစ် ထုတ်ပြန်ကာပြည်သူလူ ထုသို့ အသိပေးရန်လည်း လွှတ်တော်အမတ်များက မျှော်လင့်နေကြသည်။