လွတ်ငြိမ်းပြီး ၉ ရက်အကြာတွင် ကွယ်လွန်သူ ကိုသက်နွယ် (ငြိမ်းလူ) ၏ စျာပန

လွတ်ငြိမ်းပြီး ၉ ရက်အကြာတွင် ကွယ်လွန်သူ ကိုသက်နွယ် (ငြိမ်းလူ) ၏ စျာပန
by -
မဇ္စျိမ

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာပြီး ၉ ရက်အကြာတွင် ကွယ်လွန်သွား သည့် အသက် ၅၂ နှစ်အရွယ် ကိုသက်နွယ်(ငြိမ်းလူ) ၏ စျာပနအား အင်္ဂါနေ့  ညနေ ၂ နာရီက ရေဝေးသုဿန်တွင် ကျင်းပခဲ့သည်။

စျာပနသို့ မိသားစုအပြင် ၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီတို့ အပါအဝင် လူ ၃၀၀ ခန့် လိုက်ပါ ပို့ဆောင်ကြသည်။

“မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းပါတယ်ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒါ လွယ်လွယ်ပြောတဲ့ စကားတော့ မဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင် မြင်ပြီး၊ ကျနော်တို့ ကိုယ်တိုင် ဖြတ်သန်းခဲ့တယ်။ ကျနော်တို့ မိသားစုနဲ့အတူ ဆို့နင့် ကြေကွဲရပါတယ်။ ကိုယ့်မိသားစုဝင် တယောက်၊ အရင်းခေါက်ခေါက် တယောက် ဖြစ်သလို ကျနော်တို့ တကယ်ခံစားရပါတယ်” ဟု ကိုမင်းကိုနိုင် က စျာပနတွင် ပြောကြားခဲ့သည်။

ကိုသက်နွယ်အား ၂၀၀၂ ခုနှစ် ဒီဇင်္ဘာ ၁၀ ရက်နေ့တွင် ဖောက်ခွဲမှုဖြင့် စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၃၈ နှစ် ချမှတ်ခြင်းခံထားရာမှ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

ဖမ်းဆီးခံရစဉ် စွပ်စွဲထားသော ဖောက်ခွဲမှုနှင့် ပတ်သက်၍ စစ်ကြောရေးတွင် ညှဉ်းပမ်းနှိပ်စက်မှု ဒဏ်များ ပြင်းထန်စွာ ခံခဲ့ရသည်ဟု ထောင်ကျဖက်များနှင့် မိသားစုဝင်များက ပြောသည်။

“၁၀ နှစ်လုံးလုံး ဒုက္ခတွေကို ခံခဲ့ရပြီးတော့ လွတ်လာပြီး ၈ ရက်မြောက်နေ့မှာ ကျမမောင်လေး ဆုံးပါးခဲ့ရတာ။ ကျမက တသက်တကျွန်း ၂၅ နှစ်၊ ၂၀၀၅ ခုနှစ်က ပြန်လွတ်လာခဲ့တယ်။ ကျမမောင်လေးကတော့ အခု နောက်ဆုံး လွှတ်လိုက် တဲ့ ၁၃.၁.၂၀၁၂ ရက်နေ့ကမှ ဝေဒနာတွေနဲ့ လမ်းမလျှောက်နိုင်ဘဲ ပြန်လွတ်လာခဲ့တာပါ။ သူ့ကို ထောင်ဘူးဝထိ ဆိုက္ကားနဲ့ တင်လာပြီးတော့ အဲဒီကနေ လူသုံးယောက်လောက် ဝိုင်းပြီးတော့ ထောင်အပြင်ကို ထုတ်ခဲ့ရပါတယ်” ဟု အစ်မဖြစ်သူ ကျောင်းဆရာမ ဒေါ်မာလာနွယ်က ပြောသည်။

ဒေါ်မာလာနွယ်မှာလည်း ၂၀၀၃ ခုနှစ်တွင် ဖမ်းဆီးခံရကာ ပုဒ်မ ၃၊ ၅၁/၀၃၊ ၅၂/၀၃၊ ၁၇/၁၊ ၁၃/၁ စသည့် ပုဒ်မများဖြင့် စွဲဆိုကာ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကိုသက်နွယ်နှင့် ထောင်ကျဖက်များဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများကိုယ်စား ကိုမင်းကိုနိုင်က “ကိုငြိမ်းလူ… ကျနော်တို့နဲ့အတူ ဆင်းရဲဒုက္ခနဲ့ ပြည့်နှက်နေရာက ခင်ဗျား ရှေ့ဆက်မလိုက်နိုင်တော့ တဲ့အတွက် ဝမ်းနည်းပါတယ်။ ခင်ဗျားကိုယ်စား ကျန်တဲ့တာဝန်ကို ကျနော်တို့ ပိုပြီးတော့ ထမ်းပါ့မယ်။ ခင်ဗျားမိသားစုကိုလည်း ကျနော်တို့မိသားစုလို သဘောထားပြီးတော့ ဆက်ပြီး စောင့်ရှောက်ပါ့မယ်လို့ ကတိပြုပါတယ်။ ကိုငြိမ်းလူ ခင်ဗျားသွားရမယ့် ခရီးကို စိတ်ဖြောင့်လက်ဖြောင့်သာ သွားပါ။ ကျနော်တို့ ဆက်ပြီးတော့ တာဝန်ကျေပါ့မယ်။ ခင်ဗျားကို ဦးညွှတ်ပြီးတော့ အလေးပြုပါတယ်”ဟု  စျာပနတွင် ပြောကြားခဲ့သည်။

စျာပနတွင် ကိုသက်နွယ်၏ ထောင်တွင်း ဖြတ်သန်းမှု ဘဝအား မထက်ထက်ဦးဝေ က ကဗျာတပုဒ်ဖြင့် ဂုဏ်ပြု ရွတ်ဆို ပေးခဲ့သည်။

Most read this week