မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် လေးရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ တနင်္ဂနွေနေ့က ရောက်ရှိသည်။
အင်္ဂါနေ့တွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်သျှနာ S. M. Krishna နှင့် ဆွေးနွေးရန်ရှိပြီး မတ်လဆန်းပိုင်း အတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည့် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း ၏ ခရီးစဉ်အတွက် ကြိုတင် ညှိနှိုင်းကြမည် ဖြစ်သည်။
ဝန်ကြီး၏ ခရီးစဉ်အတွင်း ဇန်နဝါရီ ၂၅ ရက်နေ့တွင် နယူးဒေလီရှိ ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီ ICWA တွင် “ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် နိုင်ငံတခု” ခေါင်းစဉ်ဖြင့် ဟောပြောရန် စီစဉ်ထားကြောင်း သိရသည်။
ICWA မှာ နိုင်ငံတကာ ဆက်ဆံရေးနှင့် နိုင်ငံခြားရေးရာ ကိစ္စများအတွက် အလေးထားရသော ဌာနကြီးတခု ဖြစ်သည်။
အိန္ဒိယ ဝန်ကြီးချုပ်မှာ မြန်မာနိုင်ငံ နေပြည်တော်တွင် လက်ခံကျင်းပမည့် BIMSTEC ထိပ်သီး အစည်းအဝေး သို့ တက်ရောက်ရန် ဖြစ်သည်။
နှစ်နိုင်ငံ ဆက်ဆံရေးမှာ ၂၀၁၁ ခုနှစ်အတွင်း တိုးမြှင့်လာခဲ့ပြီး စစ်သုံးပစ္စည်းများ၊ သင်တန်းများ၊ စီပွားရေးဖွံ့ဖြိုးမှုနှင့် နယ်စပ်အရေးကိစ္စများ အပါအဝင် သဘောတူညီချက်များစွာ လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည်။
၂၀၁၁ နိုဝင်္ဘာလအတွင်းက မြန်မာသမ္မတ ဦးသိန်းစိန် လာရောက်စဉ် နှစ်နိုင်ငံ “အကြမ်းဖက်မှု မှန်သမျှအား ပြတ်ပြတ် သားသားနှင့် မစေ့စပ်စတမ်း ဆန့်ကျင်သွားရန်နှင့် ပုန်ကန်ခြားနားမှုနှင့် အကြမ်းဖက်မှု အန္တရာယ်အား ကိုင်တွယ်ဖြေရှင်း ဖို့ နှစ်နိုင်ငံ လုံခြံုရေးတပ်များ ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်”တို့ကို ထပ်လောင်း အတည်ပြုခဲ့ကြ သည်။