ဇန်နဝါရီလ ၂၅ ရက် နောက်ပိုင်းတွင် အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့တွင် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ကျင်းပသည့် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲတွင် ပါတီအထွေထွေ အတွင်းရေးမှူး
နိုင်ဟံသာ က အစီရင်ခံစာ တင်သွင်းစဉ် ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း နှီးနှောဖလှယ်ပွဲ တက်ရောက်နေသူ ကိုယ်စားလှယ်တဦးက မဇ္စျိမကို ပြောသည်။
“ဒီနေ့က အစပဲ ရှိသေးတယ်။ သူ့အပိုင်းနဲ့သူ အစီရင်ခံတယ်။ အပစ်အခတ် ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ဘက်က နိုင်ဟံသာ က အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့တာနဲ့၊ နောက်ထပ်ဆွေးနွေးမယ့် အခြေအနေကို အစီရင်ခံတယ်” ဟု ပြောသည်။
ပြည်ထောင်စုအဆင့် အစိုးရ ကိုယ်စားလှယ်များနှင့် ဒုတိယအကြိမ် မော်လမြိုင်မြို့၌ ထပ်မံ ဆွေးနွေးနိုင်ရန်အတွက် မွန်ငြိမ်းချမ်းရေး အကျိုးဆောင်များမှတဆင့် သက်ဆိုင်ရာ မြန်မာအစိုးရအရာရှိထံ အကြောင်းကြားခဲ့ပြီး ဖြစ်သည်ဟု လည်း မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက ပြောသည်။
၂ဝ၁၁ ဒီဇင်ဘာလ ၂၂ ရက်နေ့ ပထမအကြိမ် ပဏာမ ဆွေးနွေးစဉ် အစိုးရဘက်မှ ကိုယ်စားလှယ်များက ၂ဝ၁၂ ဇန်နဝါရီလအတွင်း ထပ်မံ ဆွေးနွေးနိုင်ရန် မွန်ပြည်သစ်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲကို မွန်ပြည်သစ် ထိန်းချုပ်နယ်မြေ ဖြစ်သည့် ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်းဖိုက်ကျေးရွာတွင် သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။ နှီးနှောဖလှယ်ပွဲတွင် နိုင်ငံရေး၊ မွန်အမျိုးသား တပ်မတော်၊ မွန်အမျိုးသား ပညာရေးနှင့် အနာဂတ် မွန်အမျိုးသားရေး စုပေါင်းခေါင်းဆောင်မှု ဟူသည့် ကဏ္ဍကြီး ၄ ခုကို ဆွေးနွေး သုံးသပ် တင်ပြကြမည်ဟု ဆိုသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲသို့ မွန်ပြည်သစ် အပါအဝင် ပြည်တွင်း၊ လွတ်မြောက်နယ်မြေ၊ ထိုင်းနှင့် နိုင်ငံတကာရောက် မွန်ကိုယ်စားလှယ် ရ၅ ဦးနှင့် လေ့လာသူ ၃ဝ ဦး တက်ရောက်ကြသည်။